ခြေစမ်းပွဲတွင် လက်ရွေးစင် ယူ-၂၁ အသင်းအား ရှုံးနိမ့်ခဲ့သည့် ဒဂုံအက်ဖ်စီအသင်း

November 17, 2018

၂၀၁၉ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ တန်းတက်ကစားခွင့်ရရှိထားသည့် ဒဂုံအက်ဖ်စီအသင်းသည်  နိုဝင်ဘာ ၁၇ ရက် (ယနေ့) နံနက်က သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁) စက်ဘီးကွင်းတွင် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းနှင့် ခြေစမ်းကစားခဲ့ပြီး ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

လက်ရွေးစင် ယူ-၂၁ အသင်းအတွက် အနိုင်ဂိုးများကို နန်းထိုက်ဇော်နှင့် စိုးလွင်လွင်တို့က သွင်းယူပေးခဲ့ကြသည်။ ဒဂုံအက်ဖ်စီအသင်း သည် ၂၀၁၉ နေရှင်နယ်လိဂ်ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့ပြီးဖြစ်သည်။ ဒဂုံအက်ဖ်စီအသင်းသည် အောက်တိုဘာ ၃၁ ရက်က တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားခဲ့ပြီး ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယနေ့ခြေစမ်းပွဲတွင် လက်ရွေးစင် ယူ-၂၁ အသင်းကို ၂-၀ ဂိုးဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်-၁ အမှတ် ပေးပြိုင်ပွဲ ယှဉ်ပြိုင်မည့် ဒဂုံအသင်းသည် လက်ရှိတွင် ပြည်တွင်းကစားသမားသစ်များ ထပ်မံအားဖြည့်ခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။