ဗိုလ်လုပွဲတွင် မြောက်ပိုင်းခရိုင် (ဂ) အသင်းအား အနိုင်ယူကာ ဗိုလ်စွဲခဲ့သည့် တောင်ပိုင်းခရိုင် (ခ) အသင်း
ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် MPT U-14 Football Tournament 2018 အမျိုးသားဘောလုံး ပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် တောင်ပိုင်းခရိုင် (ခ) အသင်းက မြောက်ပိုင်းခရိုင် (ဂ) အသင်းအား ( ၃-၂ ) ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင် နယ် လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတိှု့နှင့် ပူးပေါင်းကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲ (ရန်ကုန်ဇုန်) နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်(ယနေ့) ညနေက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ၊ ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
ဗိုလ်လုပွဲတွင် တောင်ပိုင်ခရိုင် (ခ) အသင်းနှင့် မြောက်ပိုင်းခရိုင် (ဂ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သာမာန်ပွဲကစားချိန် အတွင်း တစ်ဘက် ၂ ဂိုးစီ သရေကျခဲ့သောကြောင့် အချိန်ပို မိနစ် ၂၀ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ဒုတိယပိုင်း ၇ မိနစ်တွင် တောင်ပိုင်းခရိုင် (ခ) အသင်းမှ ကျောနံပါတ် တင့်နိုင်ထွန်းက အနိုင်ဂိုး သွင်းယူနိုင်ခဲ့ သောကြောင့် ပွဲအပြီးတွင် တောင်ပိုင်းခရိုင် (ခ) အသင်းက မြောက်ပိုင်းခရိုင် (ဂ) အသင်းကို အနိုင်ရရှိကာ ချန်ပီယံဆုကြီးကို ရယူသွားနိုင်ခဲ့သည်။
ဗိုလ်လုပွဲစဉ် အပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ အဦးဆုံး အနေဖြင့် ဗိုလ်လုပွဲ ပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ဒိုင်လူကြီးများအား အသိအမှတ်ပြု ဆုတံဆိပ်များချီး မြှင့်ခဲ့ ပြီး အဆိုပါ ဆုများအား ရွှေခေတ် လက်ရွေးစင်ဟောင်းနှင့် MNL FIB Chairman ဦးတင်အောင်(ဂိုး) က ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက်တွင် တစ်ဦးချင်း ဆုတံဆိပ်များကို ဆက်လက် ပေးအပ်ခဲ့ရာ ရန်ကုန်ဇုန် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ ရှေ့တန်းအကောင်းဆုံး ကစားသမားဆုကို တောင်ပိုင်းခရိုင် (ခ) အသင်းမှ ကျောနံပါတ် ၁၀ ဖြိုးပိုင်က ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ ကို Premier Wellness မှ Operation Manager ဦးအံ့ထူးဝဏ္ဏက ချီးမြှင့်ပေး ခဲ့သည်။
အလယ်တန်းအကောင်းဆုံးကစားသမားဆုကို တောင်ပိုင်းခရိုင် (ခ) အသင်းမှ ကျောနံပါတ် ၁၇ ဖြိုးဝေလင်း က ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ ကို ရွေခေတ်လက်ရွေးစင်ဟောင်း MFF နည်းစနစ် လက်ထောက်တာဝန်ခံ ဦးအေးမောင်ကြီးက ချီးမြှင့်ပေးခဲ့သည်။ နောက်တန်း အကောင်းဆုံး ကစားသမားဆုကိုမူ တတိယဆု ရရှိသွားခဲ့သည့် မြောက်ပိုင်းခရိုင် (က) အသင်းမှ ကျောနံပါတ် ၁၈ ရှိုင်းဝဏ္ဏ က ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို ရန်ကုန်ယူနိုက်တက် အသင်း အမှုဆောင်အရာရှိချုပ် ဦးကျော်သူဦး က ချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆုကို ဒုတိယဆုရ မြောက်ပိုင်းခရိုင် (ဂ) အသင်းမှ ကျောနံပါတ် ၁ ရှိုင်းလင်းဇော်မှ ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို မြန်မာဘရူဝါရီ လိမိတက်မှ Corporate Communication Manager ဦးမိုးဇော် က ချီးမြှင့်ပေး ခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမားဆုကို မြောက်ပိုင်းခရိုင် (ဂ) အသင်းမှ ကျောနံပါတ် ၈ နှစ်သစ်လွင် မှ ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို ရွှေခေတ် လက်ရွေးစင်ဟောင်းနှင့် MNL FIB Chairman ဦးတင်အောင်(ဂိုး) မှ ချီးမြှင့်ပေးခဲ့ သည်။ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း မြောက်ပိုင်းခရိုင် (ဂ) အသင်းမှ ဂိုးသွင်းအများဆုံးဆု ရရှိခဲ့သည့် ကျောနံပါတ် ၈ နှစ်သစ်လွင်ပင် ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ မစ္စတာ အဲရစ်က ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင် မှ ရန်ကုန်ဇုန် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု ရခဲ့သည့် မြောက်ပိုင်းခရိုင် (ဂ) အသင်းအား ဆုကြေးငွေကျပ် နှစ်သိန်း ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် MPT-KSGM Joint Operation မှ Marketing Director ဦးခင်မောင်မြင့်တို့က တတိယရခဲ့သည့် မြောက်ပိုင်းခရိုင် (က) အသင်းအား တစ်ဦးချင်းဆု တံဆိပ်များ ချီးမြှင့်ခဲ့ပြီး ဆုကြေးငွေကျပ် သုံးသိန်းအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းမှ ချီးမြှင့် ပေးခဲ့သည်။
ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် မြောက်ပိုင်းခရိုင် (ဂ) အသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် ဦးမင်းလှိုင်မှ ချီးမြှင့်ပေးခဲ့ပြီး ဆုကြေးငွေကျပ် ငါးသိန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦးပင် ဖြစ်သူ ဦးမိုးဆန်းအောင်က ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက်တွင် ပထမရရှိခဲ့သည့် တောင်ပိုင်းခရိုင် (ခ) အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန်တိုင်း ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ တို့မှ ချီးမြှင့်ပေးခဲ့ပြီး ချန်ပီယံ ဆုကြေးငွေ ကျပ် ၁၀ သိန်းကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့်မှ ချီးမြှင့် ပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းမှ ပထမရခဲ့သည့် တောင်ပိုင်းခရိုင် (ခ) အသင်းကို ချန်ပီယံဆုဖလား ချီးမြှင့်ပေးခဲ့သည်။
မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာ နေရှင်နယ်လိဂ်(MNL) နှင့် MPT တို့ပူးပေါင်း၍ MPT U-14 Football Tournament 2018 ဘောလုံး ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိရာ လက်ရှိတွင် မန္တလေး၊ မုံရွာ၊ ပဲခူးမြို့၊ မော်လမြိုင်၊ စစ်တွေမြို့၊ ပုသိမ်မြို့နှင့် ရန်ကုန်မြို့များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ ဆက်လက် ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် MPT တို့ ပူးပေါင်းပြီး တောင်ကြီးမြို့တွင် အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ တစ်ရပ်ကို ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။