AFC Champions League ခြေစစ်ပွဲ ပထမအဆင့်တွင် ဖိလစ်ပိုင်ကလပ် စီးရက်စ်ကို ကျော်ဖြတ်နိုင်ရေး အစွမ်းကုန် ကြိုးစားသွားမည်ဟု ရန်ကုန်ယူနိုက်တက် နည်းပြချုပ် ဦးမျိုးမင်းထွန်း ဖွင့်ဟ

November 23, 2018

ပြီးခဲ့သည့် ၂၀၁၈ MPT Myanmar National League ဘောလုံးရာသီတွင် ချန်ပီယံဖြစ်ခဲ့သောကြောင့် လာမည့် ဘောလုံးရာသီ AFC Champions League 2019 ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားသည့် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ခြေစစ်ပွဲ ပထမအဆင့်တွင် တွေ့ဆုံရမည့် ဖိလစ်ပိုင်ကလပ် စီးရက်စ် နီးဂရို့စ် အသင်းကို ဖြတ်ကျော်နိုင်ရေး အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိရန် အတွက် ခြေစစ်ပွဲ အဆင့် ၃ ဆင့်ကို ဖြတ်ကျော်ရန် လိုအပ်ပြီး ပထမအဆင့်တွင် စီးရက်စ်နှင့် တွေ့ဆုံရမည် ဖြစ်ကာ စီးရက်စ်ကို ဖြတ်ကျော်နိုင်ခဲ့ပါက ဒုတိယအဆင့်တွင် ထိုင်းပရီးမီးယားလိဂ်ကလပ် ချင်းရိုင်ယူနိုက်တက် အသင်းနှင့် တွေ့ဆုံရမည် ဖြစ်သည်။ ယင်းအဆင့်ကိုပါ ဖြတ်ကျော်နိုင်ခဲ့ပါက တတိယအဆင့်တွင် ဂျပန်ကလပ်အသင်း တစ်သင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကာ တတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါက အုပ်စုအဆင့်သို့ ဝင်ရောက်ခွင့် ရမည် ဖြစ်သည်။

“ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ လွယ်ကူမယ့် ပွဲတော့ မဟုတ်ပါဘူး။ စီးရက်စ်နဲ့ ကျွန်တော်တို့ မနှစ်က နှစ်ကြိမ် ကစားခဲ့ဖူးပါတယ်။ တစ်ယောက်ကို တစ်ကြိမ်စီ နိုင်ခဲ့ကြတာပါ။ ဖိလစ်ပိုင် ကလပ်တွေက တစ်ကယ့်ကို အသင်းကောင်းတွေ ဖြစ်ပါတယ်။ သူတို့ ဘောလုံးအဆင့်ကို လက်ရှိ ကစားနေတဲ့ ဆူဇူကီးပွဲမှာလည်း မြင်နိုင်ပါတယ်။ သူတို့ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် ရန်ကုန်ယူနိုက်တက် အနေနဲ့ ကျော်ဖြတ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် AFC Cup ပြိုင်ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဖိလစ်ပိုင်ကလပ် ဂလိုဘယ် စီဘူး၊ ဗီယက်နမ် ကလပ် သန်ဟွား၊ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက် အသင်းများကို ဖြတ်ကျော်ကာ ဇုန်အလိုက် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် စီးရက်စ် နီးဂရို့စ် အသင်းနှင့် တွေ့ဆုံခဲ့ပြီး တစ်ကြိမ်စီ အနိုင်ရကာ နှစ်ကျော့ပေါင်း ဂိုးရလဒ်ဖြင့် ဆီမီးဖိုင်နယ် အဆင့်မှ ထွက်ခဲ့ရခြင်း ဖြစ်သည်။

ဦးမျိုးမင်းထွန်းက အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် စီးရက်စ်ကို ကျော်ဖြတ်နိုင်ရေး အစွမ်းကုန် ကြိုးစားမည်ဟု ဆိုခဲ့သော်လည်း ၎င်းတို့အသင်း၏ ယခုနှစ် အာရှအဆင့် အဓိက ပစ်မှတ်မှာ AFC Cup ပြိုင်ပွဲသာ ဖြစ်ကြောင်း ထပ်လောင်း ဖွင့်ဟခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်းအနေဖြင့် AFC Champions League ခြေစစ်ပွဲကို အောင်မြင်ခဲ့ခြင်း မရှိပါက AFC Cup ပြိုင်ပွဲကို အုပ်စုအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အုပ်စု(စ)တွင် ဗီယက်နမ်ကလပ် ဟနွိုင်း၊ စင်ကာပူ ကလပ် တန်ပနိစ် ရိုဗာ၊ ကမ္ဘောဒီးယားကလပ် နာဂါဝေါလ် အသင်းများနှင့် ကျရောက်လျှက် ရှိသည်။

Photo Credic : YUFC