MPT U-14 Football Tournament 2018 (Taunggyi) ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်များ ထွက်ပေါ်

November 24, 2018

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် အဓိက မိတ်ဖက် MPT ၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှု၊ ဒေသခံ ရှမ်းယူနိုက်တက်အသင်း၏  ပူးပေါင်းပါဝင်မှုဖြင့်  တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သွားမည့် MPT U-14 Football Tournament 2018 အတွက် အုပ်စုမဲခွဲခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပြိုင်ပွဲကျင်းပမည့် ရှမ်းယူနိုက်တက် အသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုလျှက် ရှိသည့် တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦး၊ ရှမ်းပြည်နယ် ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သက်မူ၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မြင့်၊ ပြည်နယ် ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီး ၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများနှင့် အဓိက မိတ်ဖက် MPT မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ တက်ရောက်ခဲ့ကြသည်။

MPT U-14 Football Tournament 2018 အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ပြိုင်ပွဲများ၏ အဌမမြောက်နှင့် နောက်ဆုံးပြိုင်ပွဲ ဖြစ်သည့် ယခုပြိုင်ပွဲသို့ ရှမ်းပြည်နယ် တစ်ဝှမ်းရှိ မြို့နယ် ၁၂ မြို့နယ်မှ အသက် ၁၄ နှစ်အောက် အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ သင်းကို သုံးသင်းပါ လေးအုပ်စုခွဲကာ ယှဉ်ပြိုင် သွားစေမည် ဖြစ်သည်။

ပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ  ဒီဇင်ဘာ ၅ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး  ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်း၊ တတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲဝင် အသင်းတိုင်းအား တစ်သင်းလျင် ထောက်ပံ့ကြေး ကျပ် ၁၀ သိန်းနှင့် အားကစားဝတ်စုံများ၊ ဘောလုံးများ ပံ့ပိုးပေးထားသည်။

ယနေ့ပြုလုပ်ခဲ့သည့် အုပ်စုမဲခွဲမှုများ အပြီးတွင် အုပ်စု(က)၌ ပင်းတယ၊ ရွာငံ၊ ဟိုပုံး အုပ်စု(ခ)၌ လင်းခေး၊ ရပ်စောက်၊ ပင်လောင်း အုပ်စု(ဂ)၌ ညောင်ရွှေ၊ ကလော၊ နမ့်စမ် အုပ်စု(ဃ)၌ ဆီဆိုင်၊ ဖယ်ခုံ၊ တောင်ကြီး စသည့် အသင်းများ ကျရောက်ခဲ့ကြသည်။ ပြိုင်ပွဲကို ၁ ရက်လျင် ၂ ပွဲနှုန်းဖြင့် နံနက်ပိုင်းများတွင်သာ တောက်လျှောက် ကျင်းပသွားမည် ဖြစ်သည်။ ပထမပွဲစဉ်ကို နံနက် ၈း၀၀ နာရီ၌ ကျင်းပမည် ဖြစ်ကာ ဒုတိယပွဲစဉ်ကို နံနက် ၉း၃၀ အချိန်၌ ကျင်းပသွားမည် ဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်တွင် စတင်ကျင်းပမည့်  အုပ်စုအဖွင့်ပွဲစဉ်များတွင် ပင်းတယနှင့် ဟိုပုံး၊ လင်းခေးနှင့် ပင်လောင်း အသင်းများ တွေ့ဆုံယှဉ်ပြိုင် သွားမည် ဖြစ်သည်။

MPT U-14 Football Tournament 2018 တောင်ကြီးဇုန် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်၊  နံနက် ၇း၀၀ နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်း၌  ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ အခမ်းအနားနှင့်အတူ အားကစားနှင့် ပညာရေး ပေါင်းစပ်မှု အဖြစ် MFF-MNL-MPT Grassroots Football Festival 2018 (လူငယ်ဘောလုံးပွဲတော်) ကိုပါ ပူးတွဲ ပြုလုပ် သွားမည် ဖြစ်သည်။