MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT လူငယ်ဘောလုံးပြိုင်ပွဲ(တောင်ကြီး) ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

November 25, 2018

ရှစ်ခုမြောက်ဖြစ်သည့် MFF – MNL – MPT လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ (တောင်ကြီး) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်(ယနေ့) ညနေ ၃း၀၀ နာရီက တောင်ကြီးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အထူးစီမံကိန်းတစ်ရပ်အနေဖြင့် ဖော်ဆောင်လျက်ရှိသော လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ MPT Joint Operation မှ Marketing Director ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ မြန်မာဘရူဝါရီလီမိတက်မှ တာဝန်ရှိသူများ၊ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ပြိုင်ပွဲအတွက် ပံ့ပိုးပေးကြသည့် စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား/သူများ၊ သတင်းမီဒီယာများ၊ အားကစားဝါသနာရှင်ပရိသတ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကိုယ်စား လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဒီကနေ့ အခမ်းအနားဟာ မြန်မာ့ဘောလုံးလောကအတွက် အလွန်အရေး ကြီးပြီး အခြေခံကျသည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုအစီစဉ်များသည် လူငယ်ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များဖြစ်ကြောင်း၊ ယခု လူငယ် ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲများ သည် ရှမ်းပြည်နယ်အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ် ရှစ်ခုတွင် ကျင်းပပြုလျက်ရှိကြောင်း၊ လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲများ ရှမ်းပြည်နယ်တွင် လာရောက်ကျင်းပသည့်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ကော ဘောလုံး ချစ်ပြည်သူတစ်ယောက်အနေနဲ့ပါ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျွန်တော်တို့နိုင်ငံတွင် ယခုလို လူငယ်ဘောလုံးပွဲတော်တွေနဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲတွေ များစွာ ပြုလုပ်နိုင်မှသာ နိုင်ငံလက်ရွေးစင်အသင်းအတွက် မျိုးဆက်သစ် ကစားသမားတွေ များများ မွေး ထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊  ဘောလုံးသမိုင်းကြောင်း၌ လက်ရွေးစင်အသင်းများတွင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက မွေးထုတ်ပေးခဲ့ သည့် ကစားသမားများစွာရှိခဲ့ကြောင်း၊ ကျောင်းသား လူငယ် လေးတွေအနေနဲ့လည်း မိမိတို့ကျောင်း၊ မိမိတို့ခရိုင်ကိုယ်စားပြု ကစား သမားကောင်းတွေ ဖြစ်လာ အောင်၊ လက်ရွေးစင်အသင်းအတွက် အားထားရတဲ့ ကစားသမားကောင်းတွေဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါကြောင်း၊ နည်းပြ အုပ်ချုပ်သူများအနေနဲ့လဲ စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် တိုက်တွန်းလိုကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲကျင်းပပေးသည့် အဖွဲ့အစည်းများကို ကျေးဇူးတင်သည့် အနေဖြင့် ပြိုင်ပွဲတွင် ခိုက်ရန်ဖြစ်ပွားခြင်းမဖြစ်စေရန်နှင့် အားလုံး စည်းကမ်း တကျ ပါဝင်ကစားဖို့လိုအပ် ကြောင်း၊ ပြိုင်ပွဲတွင် ကျန်းမာ ပျော်ရွှင်စွာ ၊  အချင်းချင်းချစ်ခင်ရင်းနှီးစွာ ကစားကြရင်း  မျိုးဆက်သစ် ကစား သမားကောင်းတွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါကြောင်း၊ ယခုလို လူငယ်ဘောလုံး ပွဲတော်များနှင့် လူငယ်ပြိုင်ပွဲများ ကျင်းပပေးသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ပြိုင်ပွဲများ ဖြစ်မြောက်ရန် ကူညီပံ့ပိုးပေးသည့် စပွန်ဆာကုမ္ပဏီများလည်း စီးပွားများ ပိုမိုတိုးတက်ကာ နှစ်ပေါင်းများစွာ မြန်မာဘောလုံးလောကအတွက် ပံ့ပိုးပေးနိုင်ပါစေရန်  ဆုမွန် ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်နှင့် MPT-KSGM Joint Operation မှ Marketing Director ဦးခင်မောင်မြင့်တို့မှ အသီးသီး နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။ ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဦးဆောင်ကာ တာဝန်ရှိပုဂ္ဂိုလ်အသီးသီးမှ ကွင်းအတွင်းဝင်ရောက်ကာ ဘောလုံးကန်သွင်း၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမူရေးဝန်ကြီးမှ ဦးဆောင်ကာ လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံး ပြိုင်ပွဲများတွင် ပါဝင်ကစားကြမည့် ကလေးငယ်များအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် MPT မှ ဘောလုံးအလုံး ၂၅၀ ၊ Myanmar Care မှ ဘောလုံးအလုံး ၁၀၀ ပေးအပ်လှူဒါန်းခဲ့ပြီး လူမူရေး ၀န်ကြီး ဒေါက်တာမျိုးထွန်းမှ လက်ခံရယူခဲ့သည်။ ယနေ့ လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်ပါ ၀င်ခဲ့ပြီး အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြသည်။

MFF – MNL – MPT လူငယ်ဘောလုံးပွဲတော်နှင့် အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ များကို မန္တလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ၊ ပုသိမ်၊ ရန်ကုန်၊ ရှမ်းပြည်နယ်(တောင်ကြီး)စသည့် ဒေသရှစ်ခုတွင်း ကျင်းပခဲ့ပြီး လာမည့်နှစ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၁၀ ခုအထိ တိုးချဲ့ ကျင်းပရန် အစီစဉ်ရှိနေသည်။