တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် MPT – MFF – MNL Football Basic Skill Educating Program သွားရောက်ပြုလုပ်

November 26, 2018

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက်ဖြစ်သည့် MPT တို့၏ ပူးပေါင်းကျင်းပသည့် အစီအစဉ်တစ်ခုအဖြစ် MPT – MFF – MNL Football Basic Skill Educating Program အစီအစဉ်များကို နိုဝင်ဘာ ၂၆ ရက်(ယနေ့)က တောင်ကြီးမြို့နယ်ရှိ အထက(၂) တောင်ကြီး၊ အထက(၄) တောင်ကြီး ကျောင်းများတွင် သွားရောက်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ MPT – MFF – MNL Football Basic Skill Educating Program အား မိတ်ဆက်သည့် အခမ်းအနားအစီစဉ်တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ Grassroots တာဝန်ခံ ဦးဘုန်းညွှန့်ကိုနှင့် နည်းပြများ၊ မြန်မာနေရှင်နယ်လိဂ်မှ ပရောဂျက် တာဝန်ခံ ဦးသိုက်စံထွန်း၊ MPT မှ ပြည်နယ်မန်နေဂျာ ဦးကြည်ဝင်း၊ ရှမ်းယူနိုက်တက် ဘောလုံး အသင်းမှ မန်နေ ဂျာ ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

Grassroots တာဝန်ခံ ဦးဘုန်းညွှန့်ကိုမှ MPT – MFF – MNL Football Basic Skill Educating Program အစီအစဉ်အား ရှင်းလင်း တင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဘောလုံးနည်းပြများ၊ တာဝန်ရှိသူများနှင့် တစ်ဦးချင်းစီ မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် အထက(၂) တောင်ကြီး ကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ‘ အခုလို ကျောင်း တွင် လာရောက်သင်ကြားပြသသည့်အတွက် အင်မတန်မှ ၀မ်းသာဂုဏ်ပြုကြောင်း၊ ယနေ့လို အစီ အစဉ်၊ အခမ်းအနားမျိုး ဖြစ်စေချင်တာ ကြာမြင့်ပြီဖြစ်ကြောင်း၊ မိမိတို့ ငယ်စဉ်က ကျောင်းဆင်း သည့်အချိန်တွင် ဘောလုံးကွင်းထဲ၌ ကစားခဲ့ရကြောင်း၊ သို့သော် ယနေ့ခေတ် တွင် ဘောလုံးကစား နည်းပြီး ကလေးများ၏ ကျန်းမာရေးများလည်း ချူချာကြောင်း၊ ငယ်စဉ်အချိန်တွင် ဘောလုံးကို စနစ်တကျ သင်ကြား မည်ဆိုပါက လက်ရွေးစင် ကစားသမားမဖြစ်နိုင်စရာ အကြောင်း မရှိနိုင်ကြောင်း၊ ယခုကဲ့သို့ လက်တွေ့ပြသသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT စသည့် တာဝန်ရှိ အဖွဲ့အစည်းများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် ကျောင်းအား ရန်ပုံငွေ အလှူငွေ တစ်သိန်းနှင့် အတူ ဘောလုံး၊ ဂိုးတိုင်၊ ဂိုးပိုက်စသည့် ဘောလုံးလေ့ကျင့်ရေးအသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့ပြီး အထက(၂)၊ အထက(၄) ကျောင်းအုပ်ဆရာကြီးများမှ လက်ခံရယူခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာ နေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက် ဖြစ်သည့် MPT တို့ ပူးပေါင်းထုတ်လုပ် ထားသည့် ဘောလုံးအခြေခံပညာ DVD ဗီဒီယို(မြန်မာစကား ပြော) အခွေများကိုလည်း ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် နည်းပြဆရာများမှ ဦးဆောင်ကာ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြသင်ကြားပေး ခဲ့သည်။