တောင်ပံကစားသမား စည်သူအောင်ကို ချွန်ဘူရီအသင်းသို့ အငှားစေလွှတ်မည်ဟု ရတနာပုံအသင်း သတင်းထုတ်ပြန်

November 27, 2018

ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင် တောင်ပံ ကစားသမား စည်သူအောင်ကို ထိုင်းပရီးမီးယားလိဂ် ထိပ်သီးကလပ် ချွန်ဘူရီသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ရန် ရတနာပုံ အသင်းနှင့် ချွန်ဘူရီ အသင်းတို့ကြား သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ရတနာပုံ အသင်းနှင့် ချွန်ဘူရီ အသင်းတို့က ယနေ့ ထုတ်ပြန်ကြေငြာသည်။

ဓာတ်ပုံ – Yadanarbon FC Facebook

တစ်ရာသီ အငှားဖြင့် စည်သူအောင်ကို ခေါ်ယူရန် ချွန်ဘူရီ အသင်းနှင့် ရတနာပုံတို့ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ရာ ကစားသမားမှာ ရက်ပိုင်းအတွင်း ချွန်ဘူရီအသင်းနှင့် ဆေးစစ်မှု ခံယူတော့မည် ဖြစ်ကြောင်း သိရသည်။  အဆိုပါ ထုတ်ပြန်ချက်တွင် ကစားသမား ရရှိမည့် လစာငွေ ပမာဏကို ထည့်သွင်းဖော်ပြထားခြင်း မရှိသော်လည်း နေစရာအိမ်၊ ကားနှင့် လေယာဉ်လက်မှတ်များကိုပါ ချွန်ဘူရီ အသင်းမှ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။

စည်သူအောင်သည် ရန်ကုန်ယူနိုက်တက် အကယ်ဒမီမှ ထွက်ပေါ်လာခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ရတနာပုံ အသင်းသို့ ရောက်ရှိကာ အသင်း၏ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်သည်။ စည်သူအောင်သည် ပြီးခဲ့သည့် ၂၀၁၈ MPT Myanmar National League အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့သူ ဖြစ်သည်။

ချွန်ဘူရီ အသင်းသို့ သွားရောက် ကစားရမည့် အခြေအနေအပေါ် စည်သူအောင်က “တကယ့်ကို စိတ်လူပ်ရှားစရာကောင်းတဲ့ အခြေအနေပါ။ ချွန်ဘူရီဆိုတာ အသင်းကြီး တစ်သင်းပါ။ ရရှိလာတဲ့ အခွင့်အရေးအတွက် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့ကြောင်း ရတနာပုံ အသင်းက ဖော်ပြထားသည်။

စည်သူအောင် သွားရောက် ကစားမည့် ချွန်ဘူရီ အသင်းသည် ထိုင်းပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆုကို ၂၀၀၇ ခုနှစ်က ရရှိထားဖူးသည့် အသင်းဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဆင့် ၉ ၌ ရပ်တည်နိုင်ခဲ့သည်။