တောင်ကြီးဇုန် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ရာ အစောပိုင်း ပွဲတွင် ညောင်ရွှေအသင်းနှင့် နမ့်ဆန်အသင်းတို့ ပွဲစဉ်တွင် သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ဒုတိယပွဲတွင် တောင်ကြီးအသင်းက နိုင်ပွဲရယူနိုင်ခဲ့သည်။
နံနက် ၈း၀၀ နာရီက ကစားခဲ့သည့် ညောင်ရွှေနှင့် နမ့်ဆန်အသင်းတို့၏ ပွဲတွင် တစ်သင်းနှင့် တစ်သင်း အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး အပြန်အလှန် ဂိုးသွင်းယူကာ တစ်ဘက် တစ်ဂိုးစီဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ နံနက် ၉း၃၀ တွင် ယှဉ်ပြိုင် ကစားခဲ့သည့် ဆီဆိုင်အသင်းနှင့် တောင်ကြီး အသင်းတို့၏ ပွဲစဉ်တွင် ဆီဆိုင်အသင်းကို တောင်ကြီး အသင်းက ၀-၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့သည်။
ပြိုင်ပွဲကို မနက်ဖြန် နိုဝင်ဘာ ၂၈ တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး ရွာငံနှင့် ပင်းတယ၊ ရပ်စောက်နှင့် လင်းခေး အသင်းတို့၏ ပွဲများကို ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။