MNL II

ရာသီကြို ပြင်ဆင်မှုအနေဖြင့် ချင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစား

By khtit

December 01, 2018

MPT Myanmar National League II 2019 ရာသီတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရန် ကြိုးပမ်းနေသည့် ချင်းယူနိုက်တက်အသင်းသည် ယနေ့ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက MPT Myanmar National League 2019 ရာသီအတွက် ပြင်ဆင်နေသည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ မဏ္ဍိုင်ကွင်း၌  ကစားခဲ့သည့် ယင်းခြေစမ်းပွဲတွင် ဟံသာဝတီယူနိုက်တက်အသင်းက အောင်မျိုးသူရ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ခြေစမ်းပွဲတွင် နှစ်သင်းစလုံးမှ လာမယ့်ရာသီအတွက် ခြေစွမ်းစမ်းသပ်နေသည့် ကစားသမားများကို ထည့်သွင်းအသုံးပြု  ယှဉ်ပြိုင်ခဲ့ပြီး ပထမပိုင်းတွင် အပြန်အလှန် အကြိတ်အနယ်ရှိခဲ့ကာ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းက ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့သည်။

လက်ရှိတွင် ချင်းယူနိုက်တက်အသင်းအနေဖြင့်  လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရန်   မြန်မာနေရှင်နယ်လိဂ်ကော်မတီသို့  တင်ပြထားပြီး ခွင့်ပြုချက် ရရှိသည်နှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

အသင်းနည်းပြချုပ်အဖြစ် ရခိုင်ယူနိုက်တက်အသင်းနည်းပြဟောင်း ဦးစိုးသိမ်းက တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ပြီး ပြည်တွင်း၊ပြည်ပကစားသမားများဖြင့် ဖွဲ့စည်းတည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။