မျိုးဇော်ဦးနှင့် လှိုင်မျိုးအောင်တို့နှစ်ဦးအား ခေါ်ယူရန် အကြိုသဘောတူညီမှု ရရှိခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်း

December 2, 2018

ပြီးခဲ့သည့်  MPT Myanmar National League 2018 ရာသီက အဆင့် ၄ နေရာရပ်တည်ခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းသည်  ရာသီသစ်အတွက် ရတနာပုံအသင်း၏ ဘယ်တောင်ပံ ကစားသမားဟောင်း မျိုးဇော်ဦးနှင့် ရှမ်းယူနိုက်တက်အသင်း နောက်ခံလူဟောင်း လှိုင်မျိုးအောင်တို့ကို ခေါ်ယူရန် အကြိုသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဟံသာဝတီအသင်းသည်  မကွေးအက်ဖ်စီနှင့် ရခိုင်ယူနိုက်တက် ကစားသမားဟောင်း မျိုးဇော်ဦးနှင့် ၂၀၁၅ ယူ -၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှ ကစားသမားတစ်ဦးဖြစ်သူ လှိုင်မျိုးအောင်တို့ကို အပြီးသတ် စာချုပ် ချုပ်ဆိုမှုများ ပြုလုပ်နိုင်ရန် ဆက်လက်ဆွေးနွေးညှိနှိုင်းမှုများ  ပြုလုပ်လျက်ရှိကြောင်း  သိရသည်။

ထို့ပြင် ဟံသာဝတီအသင်းအနေဖြင့် လာမည့်ရာသီတွင် ပြည်ပကစားသမားသုံးဦးကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ရာ လက်ရှိတွင်  ကွင်းလယ်လူ မာ့ခ်ဆာကီနှင့် နောက်ခံလူ မိုက်ကယ်တို့ကိုလည်း တစ်ရာသီ စာချုပ်သက်တမ်းတိုးမြှင့်ထားသည်ဟု ဆိုသည်။

သို့သော် တိုက်စစ်ပိုင်းအတွက်  ပြီးခဲ့သည့်ရာသီက အသင်းတွင် ခြေစွမ်းပြကစားခဲ့သည့် ယူဂန္ဓာတိုက်စစ်မှူး ဂျိုးဇက်ကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေဆဲဖြစ်ပြီး  အဆင်ပြေမှု မရှိပါက အခြားနိုင်ငံခြားသား တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားမည်ဟု အသင်းအထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့က  ချင်းယူနိုက်တက်အသင်း (၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန် မြန်မာနေရှင်နယ်လိဂ်ကော်မတီသို့ တရားဝင်တင်ပြထားဆဲ) နှင့် ခြေစမ်းကစားခဲ့ရာ တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။