ဆေးပညာရပ်ဆိုင်ရာ ကိစ္စရပ်များနှင့် လိုက်နာဆောင်ရွက်ရန် အချက်များ ပါဝင်သည့် MNL Medical Seminar 2018 ပြုလုပ်

December 3, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်တီမှ ကြီးမှူးကျင်းပမည့် ၂၀၁၉ ခုနှစ် ဘောလုံးရာသီအတွင်း ဘောလုံးပြိုင်ပွဲများတွင် ဆေးပညာရပ်ဆိုင်ရာ ကိစ္စရပ်များနှင့် လိုက်နာဆောင်ရွက်ရန် အချက်များအား ကလပ်အသင်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည့် MNL Medical Seminar 2018 ကို ယနေ့ မွန်းလွှဲပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးနှင့် Medical ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ အုပ်ချုပ်/နည်းပြများ၊ ကစားသမားများ၊ မီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေ့ဦးစွာ အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ရှင်းလင်းပြောကြားရာတွင် လာမည့်နှစ်တွင် ပရော်ဖက်ရှင်နယ် ကလပ်အသင်းများအနေဖြင့် ကစားသမားမှတ်ပုံတင်ရာတွင် ဆေးစစ်ချက်အဖြေအား ပူးတွဲတင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ကစားသမားများ အနေဖြင့် ရုတ်တရက် အသက်အန္တရာယ်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန် အပါအ၀င် ကစားသမားများ၏ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်လာစေရန်အတွက်သာ ဖြစ်ပါကြောင်း၊ ထို့ပြင် လာမည့် လိဂ်ပြိုင်ပွဲကြီး ပိုမိုအားကောင်းလာစေရန် အဖက်ဖက်မှ ကြိုးပမ်းလျက်ရှိရာ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် ပရိုမိုးရှင်း တိုးမြှင့်လုပ်ဆောင်သွားမည့် အစီအစဉ်များစွာ စီစဉ်ထားကြောင်း၊ ထိုအထဲတွင် မာကက်တင်းအစီအစဉ်များ၊ Technical Seminar များ၊ Fan Base Development အစီအစဉ်များ အပါအ၀င် Educational Workshop များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ သို့သော် တစ်ဖက်တွင် စည်းကမ်းပိုင်းဆိုင်ရာကိုလည်း တိုးမြှင့်ချမှတ်သွားရန် စည်းမျဉ်းသတ်မှတ်ထားကြောင်း၊ ယင်းသို့ပြုလုပ်ရခြင်းမှာ ပြစ်ဒဏ်ချမှတ်ချင်၍ မဟုတ်ဘဲ ပြီးခဲ့သည့်ရာသီက ဖြစ်ရပ်များအပေါ် အခြေခံ၍ အလားတူအဖြစ်အပျက်များ ထပ်မံ မပေါ်ပေါက်စေရန် ကြိုတင်ဟန့်တားထားခြင်းသာဖြစ်ကြောင်း စသဖြင့်ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးမှ ကွင်းအတွင်း မတော်တဆ ဖြစ်ပေါ်လေ့ရှိသည့် အသက်အန္တရာယ်ထိခိုက်နိုင်သည့် အခြေအနေများကို ပရော်ဂျက်တာဖြင့် ဦးစွာပြသ၍ လာမည့်နှစ်တွင် ကစားသမားများ၏ ကျန်းမာရေးစစ်ဆေးသွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ရှင်းလင်းပြောဆိုရာတွင် ကစားသမားများအတွက် ကျန်းမာသော နေထိုင်စားသောက်မှုပုံစံက အရေးကြီးကြောင်း၊ ကလပ်အသင်းတိုင်းကလည်း မဖြစ်မနေ လိုက်နာလုပ်ဆောင်သင့်ကြောင်း၊ နောက်ပိုင်းတွင် ကလပ်အသင်းများဘက်မှ ငွေကြေးသုံးစွဲမှုများ လျော့ချလာသည်ကို တွေ့ရှိရကြောင်း ယင်းအတွက် မိမိတိုဘက်မှလည်း သင့်တင့်သော အနေအထားဖြင့် ကလပ်အသင်းများအပေါ် အထောက်အပံ့ဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေးရာတွင် ကစားသမားများ၏ နှလုံးခုန်သံ ပုံမှန်အနေအထားတွင် ရှိမရှိ ၊ အဆုပ်၊ နှလုံးနှင့် သွေးတိုးရောဂါ ရှိမရှိတို့ကို စစ်ဆေးသွားမည့်အပြင် အရိုး၊အကြောဆိုင်ရာ ပြဿနာများကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း လိုအပ်ပါက နှလုံးအထူးကုဖြင့် ထပ်မံစစ်ဆေးခြင်းများ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အနာဂတ်တွင် ကျန်းမာရေးနှင့်ပတ်သက်၍ ပိုမိုထိရောက်သော ထောက်ပံ့မှုများ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလပ်အသင်းများအနေဖြင့် ကစားသမားများ ခေါ်ယူ စာချုပ်ရာတွင် နှလုံးအပြင် ဒူးခေါင်းနှင့် ခြေကျင်းဝတ်ဒဏ်ရာများကို အထူးအလေးထား စစ်ဆေးပြီးမှ စာချုပ် ချုပ်ဆိုသင့်ကြောင်း အကြံပြု ပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Medical ဌာနမှ ဒေါက်တာကျော်သန့်စင်မှ Football & Nutrition ခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုပုံစံတို့ကို တက်ရောက်လာသူများအား ပရော်ဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့ကာ တက်ရောက်လာသူများမှ သိလိုသည်များအပေါ် ပြန်လည်မေးမြန်းခဲ့သည်။

ဆက်လက်ပြီး နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်တို့က ကစားသမားများ၏ ကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည်ပိုင်းများ တိုးတက်လာစေရန် အချက်များကို အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပြီး အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။