၂၀၁၉ ခုနှစ်အတွင်း ကျင်းပသွားမည့် MPT Myanmar National League အမှတ်ပေးဘောလုံးပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အရည်အသွေးမြင့် ပြိုင်ပွဲကြီးကြပ်သူများဖြစ်ပေါ်ထွက်လာရေး အတွက် MNL Event Management Workshop 2019 ကို ယနေ့ ဒီဇင်ဘာ ၄ ရက်၊ နံနက်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ယနေ့အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နိုင်ငံတကာဆက်ဆံရေးနှင့် ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ၊ AFC Match Commissioner ဦးထွန်းထွန်းအောင်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒိုင်ဌာန ဒါရိုက်တာ ဦးထွန်းလှအောင် နှင့် မြန်မာနေရှင်နယ်လိဂ် ၁၊၂ ပြိုင်ပွဲများနှင့် လူငယ်အမှတ်ပေးပြိုင်ပွဲများ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြိုင်ပွဲကြီးကြပ်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အမှာစကားပြောကြားခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အမှာစကားပြောကြားရာတွင် MNL Event Management Workshop 2019 အား ပြည်တွင်းပြိုင်ပွဲများသာမက နိုင်ငံတကာပြိုင်ပွဲများ၌ပါ တာဝန်ယူနိုင်သည့် ပြိုင်ပွဲကြီးကြပ်သူများ ထွက်ပေါ်လာရေး၊ အနာဂတ်မြန်မာ့ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါလှကြောင်း၊ ထို့ကြောင့်ပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းမျဉ်း၊စည်းကမ်းများ ကျွမ်းကျင်နှံ့စပ်မှုရှိရန် အရေးကြီးပါကြောင်း၊ ညှိနှိုင်းဖြေရှင်းနိုင်စွမ်းရှိမှု၊ အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိမှု၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း စသည့်ပြိုင်ပွဲကြီးကြပ်သူတစ်ယောက်တွင် ရှိရမည့် အရည်အချင်းများလည်း အရေးကြီးလှကြောင်း စသဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် AFC Match Commissioner ဦးထွန်းထွန်းအောင်မှ အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ချမှတ်ထားသော ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ ထပ်မံဖြည့်စွက်ထားသည့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းသစ်များနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ယနေ့ တက်ရောက်လာသူများ အားလုံးပါဝင်သည့် Group Discussion အစီအစဉ်အား ဆက်လက်ပြုလုပ်ပြီး အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။