ရှမ်းယူနိုက်တက် ကွင်းလယ်ကစားသမား ချစ်စုမိုးကို ရခိုင်ယူနိုက်တက်အသင်းခေါ်ယူ

December 6, 2018

ရခိုင်ယူနိုက်တက်အသင်းသည် လက်ရွေးစင်ဟောင်းနှင့် ရှမ်းယူနိုက်တက်အသင်း၏ ကွင်းလယ်ကစားသမား ချစ်စုမိုးအား ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်အသင်းသည်  ရှမ်းအသင်းနှင့်  စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် ချစ်စုမိုးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ရာသီဝက်အတွက်သာ စာချုပ် ချုပ်ဆိုခဲ့ကြောင်း ရခိုင်အသင်းက  သတင်းထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်လာမှာပါ။ သူကအတွေ့အကြုံလည်း ရှိတယ် ကွင်းလယ်မှာလည်း ကစားပုံကောင်းတယ်။ ဒါ့ကြောင့် အသင်းအတွက် အထောက်အကူပြုနိုင်မယ် ထင်လို့ ခေါ်ယူခဲ့တာပါ”ဟု ရခိုင်ယူနိုက်တက်အသင်း မန်နေဂျာ ဦးထွန်းထွန်းဝင်းကပြောသည်။

ရခိုင်ယူနိုက်တက်အသင်းနှင့် ချစ်စုမိုးသည် ရာသီဝက်စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သော်လည်း ပထမအကျော့ ပွဲစဉ်များတွင် ရလဒ်ကောင်း ရယူပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ချစ်စုမိုးကပြောသည်။

“ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် ရခိုင်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ရခိုင်က နည်းပြချုပ်ကလည်း ကျွန်တော့်ဆရာဖြစ်နေတာကြောင့် တွေဝေမနေပဲ ပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ကျွန်တော် အကောင်းဆုံးကြိုးစားပြီး  မြန်မာ့လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု ချစ်စုမိုး က အသင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်းသည် ပြီးခဲ့သည့် MPT Myanmar National League 2018 ရာသီက အဆင့် ၉ နေရာတွင် ရပ်တည်ခဲ့သည့်အသင်းဖြစ်သည်။