Football Basic Skill Educating Program ၏ ငါးနေရာမြောက် သရုပ်ပြသမှု အဖြစ် မော်လမြိုင်မြို့တွင် သရုပ်ပြသမှု ပြုလုပ်

December 9, 2018

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းဖန်တီးသည့် Football Basic Skill Educating Program ၏ တစ်စိတ်တစ်ဒေသ အဖြစ် အခြေခံဘောလုံး ပညာရပ်များ သရုပ်ပြ သင်ကြားမှု၏ ၅ ခုမြောက် အစီအစဉ်အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က မော်လမြိုင်မြို့ရှိ အခြေခံပညာ ကျောင်းများ ဖြစ်သည့် အ.ထ.က(၂) မော်လမြိုင်နှင့် အ.ထ.က(၆) မော်လမြိုင် တို့၌ ပြုလုပ်ခဲ့ရာ အဆိုပါ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား တက်ရောက် သင်ကြားခဲ့ကြသည်။

အဆိုပါ အစီအစဉ်သို့ မွန်ပြည်နယ် ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးကျော်မင်းအောင်၊ MPT ၏ မွန်ပြည်နယ် မန်နေဂျာ ဦးဇွဲဇော်ဇော်၊ မော်လမြိုင်မြို့နယ် ပညာရေးမှူးရုံးမှ  တာဝန်ရှိသူများ အားပေး တက်ရောက်ခဲ့ကြပြီး မွန်ပြည်နယ် အခြေစိုက် ဆောက်သမ်းမြန်မာ အသင်းမှ အားကစားသမားများနှင့် နည်းပြများ၊ မြန်မာ့ လက်ရွေးစင်ဟောင်းများ ကပါ ဝင်ရောက် သင်ကြားပေးခဲ့ကြသည်။ ယခုကဲ့သို့ သရုပ်ပြသ သင်ကြားပေးမှုကို လာမည့် ဒီဇင်ဘာ ၁၀ ရက်တွင် မုံရွာမြို့၊ ဒီဇင်ဘာ ၁၁ ရက်တွင် မန္တလေးမြို့များတွင် ပြုလုပ်သွားမည် ဖြစ်သည်။

ကလေးငယ်များ ဘောလုံးအားကစားကို ပိုမိုစိတ်ဝင်စားလာစေရေး၊ အခြေခံ ဘောလုံးပညာ လေ့ကျင့်ခန်းများကို အလွယ်တကူ ရယူနိုင်ပြီး လေ့ကျင့်မှု ပြုလုပ်နိုင်ရေး၊ အခြေခံ ကျွမ်းကျင်နိုင်နင်းသည့် ကစားသမားများ ပေါ်ထွက်လာကာ မြန်မာ့လက်ရွေးစင် အသင်းကို အထောက်အကူ ပြုနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် Football Basic Skill Educating Program ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းဖန်တီးခဲ့ခြင်း ဖြစ်ကာ ဒီဗီဒီ အချပ်ရေ ၁၅၀၀၀ ဖန်တီးထားပြီး မြို့နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ယခုကဲ့သို့ သွားရောက် သရုပ်ပြမှုများမှ တဆင့် အောက်ခြေအဆင့်ထိ ရောက်ရှိအောင် ဖြန့်ဝေသွားမည် ဖြစ်သည်။

Football Basic Skill Educating Program ၏ သရုပ်ပြသ သင်ကြားမှု အစီအစဉ် ဆက်လက် ပြုလုပ်မည့် နေရာနှင့် အချိန်များ

ဒီဇင်ဘာ ၁၀ ရက်

အ.ထ.က(၂) မုံရွာ – နံနက် ၁၀း၀၀ နာရီ။

အ.ထ.က(၄) မုံရွာ – မွန်းလွဲ ၁း၃၀ နာရီ။

ဒီဇင်ဘာ ၁၁ ရက်

အောင်မြသာဇံ အ.ထ.က(၉) – နံနက် ၁၀း၀၀ နာရီ။ 

ပြည်ကြီးတံခွန် အ.ထ.က(၂၇) – နေ့လည် ၁း၃၀ နာရီ။