
စိုးမိုးကျော်နှင့် လွင်မိုးအောင်တို့ နှစ်ဦးအား စီနီယာကစားသမားများနှင့်အတူ ပြီးခဲ့သည့် AFF Suzuki Cup ပြိုင်ပွဲဝင် မြန်မာအသင်းတွင် တွေ့ရစဉ်။
MPT Myanmar National League 2019 ရာသီအတွက် ကစားသမားခေါ်ယူရာတွင် ခြေလှမ်းသွက်သွက် လှုပ်ရှားနေသည့် ဧရာဝတီယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်း၏ လူငယ်ကစားသမားများဖြစ်သည့် စိုးမိုးကျော် နှင့် လွင်မိုးအောင် တို့ကို ခေါ်ယူနိုင်ခဲ့သည့်အပြင် ယူ ၂၁ လက်ရွေးစင် နန်းထိုက်ဇော်ကိုပါ ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ရာသီသစ်အတွက် ပြင်ဆင်မှု ကြီးကြီးမားမား ပြုလုပ်နေသည့် ဧရာဝတီအသင်းအနေဖြင့် ယင်း ကစားသမား သုံးဦးကို (၂) နှစ်သက်တမ်းဖြင့် စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းက သတင်းထုတ်ပြန်သည်။
ယင်းကစားသမား သုံးဦးအနက် ကွင်းလယ်လူ လွင်မိုးအောင်ကို ရန်ကုန်ယူနိုက်တက်အသင်းကပါ ကမ်းလှမ်းပြုလုပ်ခဲ့ကြောင်း သိရပြီး အပြီးသတ်တွင် ဧရာဝတီအသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အား/ကာသိပံ္ပထွက် အဆိုပါ လူငယ်ကစားသမားများအနက် ကွင်းလယ်လူ လွင်မိုးအောင်မှာ ဧရာဝတီယူနိုက်တက်အသင်းနှင့် စတင်ပူးပေါင်းမှုပြုလုပ်နေပြီဖြစ်ပြီး နောက်ခံလူ စိုးမိုးကျော်နှင့် ကွင်းလယ်လူ နန်းထိုက်ဇော်တို့မှာ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် အသင်းနှင့် စတင်ပူးပေါင်းမည်ဟု သိရသည်။
ဧရာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် MPT Myanmar National League 2018 ရာသီတွင် အဆင့် ၈ နေရာတွင် ရပ်တည်ခဲ့သည်။