MPT Myanmar National League 2019 ရာသီမတိုင်မီ ကစားသမားများအား ကျန်းမာရေး စစ်ဆေးမှု စတင်ပြုလုပ်

December 10, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် MPT Myanmar National League 2019 ရာသီအတွက် ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများအနေဖြင့် ၂၀၁၉ ခုနှစ် ဘောလုံးရာသီမှ စတင်၍ ကစားသမား မှတ်ပုံတင်ရာတွင် အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ် စာတမ်းအပြင် ကျန်းမာရေး ဆေးစစ်ချက်မှတ်တမ်းကိုပါ ပူးတွဲတင်ပြရမည်ဖြစ်သည်။

ထို့ကြောင့် ကလပ်အသင်းများမှ ကစားသမားများအား ကျန်းမာရေး စစ်ဆေးမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဆေးဌာနမှ တာဝန်ယူကာ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းကို စတင် ဆေးစစ်မှုပြုလုပ်ခဲ့သည်။

“အခုလို ကြိုတင်ပြီး သေချာ စစ်ပေးနိုင်တဲ့အတွက် အန္တရာယ်ဖြစ်နိုင်မှုအနေအထားကလည်း လျော့ချနိုင်မယ်။ နောက်တစ်ခုက နှလုံးကိုလည်း သေချာ စစ်ပေးတယ်။ လိုအပ်မယ်ဆိုရင်တော့ နှလုံးအထူးကုတွေဆီ ထပ်မံလွှဲပေးတာပေါ့။ အသင်းတွေအနေနဲ့ ကျွန်တော်တို့ဆီ ကျန်းမာရေး လာစစ်တာ ကုန်ကျစရိတ်တွေလည်း သက်သာမယ်။ တခြားအကျိုးကျေးဇူးတွေ အများကြီး ရရှိမှာပါ။ ကလပ်အသင်းတွေ အပြင် လက်ရွေးစင်အသင်းအတွက်ပါ အထောက်အကူပြုမှာပါ” ဟု ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးကပြောသည်။

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ်(AFC)တို့၏ ကလပ်လိုင်စင် လမ်းညွန်ချက်နှင့် Professional Criteria အရ ကစားသမားများ ရုတ်တရက် အသက်အန္တရာယ်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန် အပါအ၀င် ကစားသမားများ၏ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်လာစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ကစားသမားများအား ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် အထိ နေ့အလိုက် အလှည့်ကျ ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းကို စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲအပြီးတွင် မြန်မာနေရှင်နယ်လိဂ် ၂ နှင့် လူငယ်လိဂ်ပြိုင်ပွဲဝင် အသင်းများအား ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။