သိန်းသန်းဝင်းအား ထိုင်းလိဂ် ကလပ် ရက်ချာပူရီ အသင်းသို့ တစ်ရာသီ အငှားစေလွှတ်မည်ဟုဆို

December 12, 2018

ရတနာပုံ အသင်းမှ တစ်ရာသီအတွင်း ဒုတိယမြောက် အငှားစေလွှတ်သည့် ကစားသမားတစ်ဦးဖြစ်လာမည်ဖြစ်သည်။

ရတနာပုံအက်ဖ်စီအသင်းသည် အသင်း၏ ဘယ်နောက်ခံလူ သိန်းသန်းဝင်းအား ထိုင်းလိဂ်(၁) ကလပ် ရက်ချာပူရီ အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်သွားရန်  သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း  အဆိုပါကလပ်က သတင်းထုတ်ပြန်သည်။

ကလပ်အသင်းနှစ်သင်းကြား အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်
သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သိန်းသန်းဝင်းအား ပြီးခဲ့သည့်ရာသီက ယှဉ်ပြိုင်ခဲ့သည့် ရှမ်းယူနိုက်တက်- ရတနာပုံအက်ဖ်စီ ပွဲစဉ်၌ တွေ့ရစဉ်။

ထို့ကြောင့် လက်ရွေးစင်အသင်း နောက်ခံကစားသမား အနေဖြင့်
လာမည့် ဇန်နဝါရီလ အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်၍ ဆေးစစ်မှု ခံယူ
မည်ဖြစ်သည်။

” ထိုင်းလိဂ်မှာ ကစားရမယ့် အခွင့်အရေးအပေါ် အကောင်းဆုံး ကြိုးစားသွားမှာပါ။
မြန်မာကစားသမားတွေရဲ့ အရည်အချင်း မညံ့ဘူးဆိုတာ
သက်သေပြချင်ပါတယ်။ ခွင့်ပြုပေးတဲ့ ရတနာပုံ အသင်း
ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်” ဟု  ရက်ချာပူရီ အသင်းသို့ သွားရောက်ကစားခွင့် ရရှိမည့် အခြေအနေပေါ် သိန်းသန်းဝင်းက ဖွင့်ဟပြောကြားခဲ့သည်။

ရတနာပုံအသင်းသည် ယခုနှစ်တွင် ကွင်းလယ်လူ စည်သူအောင်ကိုလည်း ထိုင်းကလပ် ချောင်ဘူရီအသင်းသို့ တစ်ရာသီအငှားစေလွှတ်ထားရာ ရတနာပုံ အသင်းမှ တစ်ရာသီအတွင်း  ဒုတိယမြောက် အငှားစေလွှတ်သည့် ကစားသမားတစ်ဦးဖြစ်လာသည်။

ရက်ချာပူရီ အသင်းမှာ ပြီးခဲ့သည့်ရာသီက ထိုင်းလိဂ်(၁)ပြိုင်ပွဲတွင် အဆင့် ၁၂ နေရာတွင် ရပ်တည်ခဲ့သည့်အသင်းဖြစ်သည်။