မိမိ၏ အရည်အသွေးအား ထုတ်ဖော်ပြသချင်၍ နည်းပြချုပ်တာဝန်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ယူနိုက်တက်အသင်း၏ နည်းပြဖြစ်လာသူ ဦးသန်းဝေက ပြောဆိုလိုက်သည်။
“ကိုယ့်ရဲ့ အရည်အသွေးကို ထုတ်ဖော်ပြသချင်တာနဲ့ ရခိုင်ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တာပါ။ ရန်ကုန်အသင်းနဲ့လည်း စာချုပ်ပြည့်ပီလေ။ ဒါပေမယ့် ရန်ကုန်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်ကလည်း ကိုယ့်ရဲ့ တိုးတက်မှုကို ရှာဖွေချင်တာနဲ့ ရခိုင်အသင်းနည်းပြတာဝန်ကို လက်ခံခဲ့တာပါ” ဟု ရခိုင်အသင်းသို့ ရောက်ရှိဖြစ်ခဲ့ပုံအား ဦးသန်းဝေကပြောသည်။
မြန်မာ့လက်ရွေးစင်ဟောင်း ဦးသန်းဝေသည် ရခိုင်အသင်းနည်းပြအဖြစ် တာဝန်မယူမီ ရန်ကုန်ယူနိုက်တက်အသင်း၏ လက်ထောက်နည်းပြနှင့် ရန်ကုန်လူငယ်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းမှ စီနီယာကစားသမားအများစုသည် ပြီးခဲ့သည့် ရာသီအပြီး အသင်းမှ ထွက်ခွာသွားခဲ့သည့်အတွက် လက်ရှိတွင် အသင်းကို လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်ဟု ဆိုသည်။
ထို့ကြောင့် လာမည့်ရာသီ၌ အသင်းအနေဖြင့် အနည်းငယ် ရုန်းကန်ရနိုင်သော်လည်း ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်းအား အလယ်အလတ်အသင်း သို့မဟုတ် တန်းမဆင်းရရေးအတွက် ဦးတည်းကြိုးပမ်းသွားမည်ဟု ၎င်းကပြောသည်။
“လက်ရှိ အနေအထားနဲ့ ဒီလောက်အထိပဲ မျှော်မှန်းလို့ ရမှာပါ” ဟု ဧရာဝတီယူနိုက်တက် ၂-၀ ရခိုင်ယူနိုက်တက် ခြေစမ်းပွဲအပြီးတွင် ဖွင့်ဟခဲ့သည်။
ရခိုင်အသင်းသည် ပြီးခဲ့သည့် MPT Myanmar National League 2018 ရာသီတွင် ပြိုင်ပွဲဝင် ၁၂ သင်းအနက် အဆင့် ၉ နေရာရပ်တည်ခဲ့သည့်အသင်းဖြစ်သည်။
ရခိုင်အသင်းအနေဖြင့် ၂၀၁၉ ရာသီတွင် နိုင်ငံခြားကစားသမား အသုံးပြုခြင်း မရှိဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ပြည်ပကစားသမားသုံးဦး ခေါ်ယူထားကြောင်း ဦးသန်းဝေကပြောသည်။
“အသင်းမှာ လက်ရှိက လူငယ်ကစားသမားတွေ များနေတယ်။ ပြည်ပကစားသမားလည်း မရှိဘူးဆိုရင် တန်းဆင်းဇုန်းအနီး ရောက်သွားနိုင်တယ်။ ဒါကြောင့် အသင်းဥက္ကဋ္ဌဆီ တင်ပြပြီး ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ မနှစ်က ဆန်းဒေးလို ကစားသမားတော့ မခေါ်နိုင်ပါဘူး။ ကွာလတီကောင်းတဲ့ကစားသမားကို ခေါ်ချင်ရင်တော့ ဈေးပိုပေးရမှာလေ။ ကိုယ့်မှာ ရှိတဲ့အနေအထားနဲ့ အဆင်ပြေအောင် ခေါ်ယူထားပါတယ်” ဟု ဦးသန်းဝေက အသင်း၏ အနေအထားပေါ် သုံးသပ်ပြောကြားခဲ့သည်။
ထို့ပြင် ယနေ့ခေတ် စီနီယာကစားသမား အများစု ငွေနောက်လိုက်နေကြပြီး ယင်းမှာ လူငယ်ကစားသမားများက အခွင့်အရေးပေးကဲ့သို့ ဖြစ်နေကြောင်း၊ ယခုထက်ပိုမို ကြိုးစားအားထုတ်သင့်ကြောင်းလည်း အကြုံပြု ပြောဆိုခဲ့သည်။
“စီနီယာ ကစားသမားအများစုက ငွေနောက်လိုက်နေကျတယ်။ ပိုက်ဆံပိုရတဲ့အသင်းကို နံပါတ်တစ် ရွေးချယ်တယ်။ မရတဲ့အခါမှ ဒုတိယဦးစားပေးကို သွားကျတယ်။ ဘာဖြစ်လို့ ဟိုအသင်းသွားလိုက် ဒီအသင်းပြောင်းလိုက် လုပ်နေတာလဲ။ ဒါသည် နံပါတ်တစ် လူဟောင်းအများစု ငွေနောက်လိုက်တယ်။ နံပါတ် ၂ က လူငယ်တွေပေါ့။ ဒီလိုမျိုးဖြစ်အောင် လူငယ်တွေက အခွင့်အရေးပေးသလိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် စီနီယာကစားသမားတွေကို တန်းတူရင်ဘောင်တန်းပြီး ခြေစွမ်းပြ မကစားနိုင်တဲ့အတွက် စီနီယာလူဟောင်းတွေပဲ ပြန်ပြန်ပြီး ရွေးနေရတယ်။ ကလပ်အသင်းမှာလည်း ဒီလိုပဲ လက်ရွေးစင်အသင်းမှာလည်း ဒီလိုပဲ။ ကျွန်တော့်ဆန္ဒကတော့ လူငယ်တွေ ကြိုးစားပြီးတော့ စီနီယာတွေကို ရင်ဘောင်တန်း ကစားနိုင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါမှလည်း ကလပ်အသင်းရော လက်ရွေးစင်အသင်းအတွက်ပါ တွန်းအားပေးပြီးသား ဖြစ်နေမယ်” ဟု ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်း၏ လက်ထောက်နည်းပြအဖြစ်ပါ ဆောင်ရွက်ခဲ့သည့် ၎င်းက ပြောသည်။