ယူ-၂၀ လူငယ် လက်ရွေးစင်ဟောင်း လှိုင်မျိုးအောင်အား ရတနာပုံအက်ဖ်စီ အသင်းခေါ်ယူ

December 14, 2018

ယခင်က ပြိုင်ဘက်အနေဖြင့် ယှဉ်ပြိုင်ခဲ့ရသည့် မောင်မောင်စိုးနှင့် လှိုင်မျိုးအောင် အနေဖြင့် ယခုအခါ တစ်သင်းတည်းတွင် အတူတွဲဖက် ကစားခွင့်ရတော့မည်ဖြစ်သည်။

ရတနာပုံအက်ဖ်စီအသင်းသည် ရှမ်းယူနိုက်တက်အသင်း၏ ဘယ်နောက်ခံလူဟောင်း လှိုင်မျိုးအောင်အား ၂ နှစ် စာချုပ်သက်တမ်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အဆိုပါကလပ်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။

လှိုင်မျိုးအောင်အနေဖြင့် ရှမ်းယူနိုက်တက်အသင်းတွင် ပွဲထွက်ပါဝင်ခွင့် ရရှိရန် ရုန်းကန်ခဲ့ရသည်။

၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်း၏ ကစားသမား တစ်ဦးဖြစ်ခဲ့သူ လှိုင်မျိုးအောင်အား ဟံသာဝတီယူနိုက်တက်အသင်းကလည်း  ခေါ်ယူရန် နီးစပ်ခဲ့ပြီး  အဆုံးသတ်တွင် ရတနာပုံအသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။  

၎င်းသည် မန္တလေးဇာတိဖြစ်ပြီး  မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ ရင်ဖွင့်ခဲ့သည်။

” ရတနာပုံအသင်းနဲ့ လက်တွဲခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။
မန္တလေးသားတစ်ယောက်ဖြစ်တဲ့အတွက် မန္တလေး
သား ညီအကိုတွေနဲ့  အတူတူကြိုးစားခွင့်ရပါပြီ။ စိန်ခေါ်မှုတွေကို ကျွန်တော်ဘက်
က ရင်ဆိုင်ဖို့အသင့်ပါပဲ။ ဒီအတွက် ကျွန်တော်
တကယ် ရင်ခုန်မိပါတယ်။ ရတနာပုံအသင်းကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရတနာပုံအသင်းသည် လှိုင်မျိုးအောင်မတိုင်မီ  မကွေးအသင်းမှ ကွင်းလယ်လူ မောင်မောင်စိုးနှင့် ရခိုင် ယူနိုက်တက် အသင်းမှ ရတနာပုံအက်ဖ်စီ ကစားသမားဟောင်း သက်ရှိုင်းနောင်အား ပြန်လည် ခေါ်ယူထားရာ လှိုင်မျိုးအောင်မှ တတိယမြောက် ခေါ်ယူသည့် ကစားသမားဖြစ်လာသည်။

ထို့ပြင် ရတနာပုံအသင်းသည်  လာမည့်နှစ်တွင် ယခင်အိမ်ကွင်းအဖြစ် အသုံးပြုခဲ့သည့်  ဗထူးကွင်းအား MPT Myanmar National League 2019 ရာသီတွင် အိမ်ကွင်းအဖြစ် ပြန်လည်အသုံးပြုသွားမည်ဖြစ်သည်။