MPT Myanmar National League 2019 ရာသီကြို ခြေစမ်းပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ရန်ကုန်အသင်း လေ့ကျင့်ရေးကွင်း၌ ခြေစမ်းကစားခဲ့ပြီး ရန်ကုန်အသင်းက ဆီလာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းမှာ ရာသီကြို ခြေစမ်းပွဲများအနက် ရန်ကုန်အသင်း၏ ပထမဦးဆုံး နိုင်ပွဲလည်းဖြစ်ပြီး ပွဲအစ တစ်မိနစ်မှာပင် ဆီလာက အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယနေ့  ခြေစမ်းပွဲတွင် နည်းပြချုပ် ဦးမျိုးမင်းထွန်း အနေဖြင့် ဆန်းဆက်နိုင်| ဆီလာ| ကိုဆူကီ| ပြည့်ဖြိုးဇော်| မောင်မောင်လွင်|မွန်ကာလူး| ရန်အောင်ကျော်| သန်းပိုင်| ငြိမ်းချမ်းအောင်| ကြည်လင်း စသည့် ကစားသမား အများစုကို လူစုံနီးပါး ထည့်သွင်းအသုံးပြုသွားခဲ့ပြီး ကစားသမားများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။
ဟံသာဝတီအသင်းတွင်လည်း ကိုကိုနိုင်၊ မိုက်ကယ်၊ ရွှေလှိုင်ဝင်း၊ အောင်မိုးထွေး| မျိုးဇော်ဦး၊ အောင်မျိုးသူရ| လာဒင်မော်ရာ| မာ့ခ်ဆာကီကို ထည့်သွင်းအသုံးပြုခဲ့ပြီး ယနေ့ ပွဲတွင် ကစားပုံနှင့် ရလဒ်ပိုင်းအရပါ ကျေနပ်စရာဖြစ်ခဲ့ကြောင်း| အပြီးသတ်ပြင်ဆင်မှုအပြီးတွင် ယခုထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဟံသာဝတီအသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။
ရန်ကုန်အသင်းသည် ရာသီကြိုခြေစမ်းပွဲများ ကစားထားရာတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် နှစ်ဂိုးစီ သရေကျထားပြီး ဧရာဝတီယူနိုက်တက်အသင်းကို ၂-၃ ဂိုးဖြင့် အရေးနိမ့်ထားသည်။
ဟံသာဝတီအသင်းမှာ ယခုပွဲမတိုင်မီ မြန်မာနေရှင်နယ်လိဂ် ၂ ကလပ် ချင်းယူနိုက်တက်အသင်းနှင့် ခြေစမ်းခဲ့ရာ တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။