မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသွားမည့် ၂၀၁၉ MPT မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများနှင့် အခြားသောပြိုင်ပွဲများအတွက် ၀တ်ဆင်ရန် ဒိုင်ဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် FIB ဥက္ကဌ နှင့် ဒိုင်လူကြီးဟောင်း ဦးတင်အောင်(ဂိုး)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းချို၊ ဒိုင်ဌာန ဒါရိုက်တာ ဦးထွန်းလှအောင်၊ ဒိုင်ကြီးကြပ်များနှင့် ဒိုင်လူကြီးများ တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ လာမည့်နှစ်တွင် ပြိုင်ပွဲတာဝန်ကျ ဒိုင်လူကြီးများအနေဖြင့် ၂၀၁၈ ခုနှစ်က အားနည်းချက်များအား ပြန်လည်သုံးသပ်၍ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေရန် ကြိုးစားကြစေလိုကြောင်း၊ ပွဲတစ်ပွဲအောင်မြင်မှု ရရှိရန် ဘောလုံးဥပဒေပိုင်း ကျေညက် နားလည်ရမည့်အပြင် မိမိကိုယ်ကို ယုံကြည်မှုရှိရန်၊ ဆုံးဖြတ်ချက် မှန်ကန်တိကျရန်နှင့် စမတ်ကျကျ ပြုမူနေထိုင်တတ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လာမည့်၂၀၁၉ တွင် ရာနှုန်းပြည့်နီးပါး စွမ်းဆောင်ရည် ကောင်းကောင်းဖြင့် မြန်မာ့ဘောလုံးလောကအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သူများ ဖြစ်ပါစေကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်မှ ဒိုင်များအနေဖြင့် ဆုံးဖြတ်ချက် မှန်ကန်တိကျစေရန် အစဉ် ကြိုးပမ်းနေရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြိုင်ပွဲများသာမက အာဆီယံ၊ အာရှနှင့် ဖီဖာဒိုင်လူကြီးများအထိ တာဝန်ယူနိုင်သည့် ဒိုင်များ ဖြစ်လာအောင် ကြိုးပမ်းသွားကြရန်နှင့် မိမိတို့ အနေဖြင့်လည်း မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနေသူများဟု ခံယူချက်ထား ကြိုးစားနေရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်မှ အမှာစကားပြောကြားပြီး ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းချိုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် အနေဖြင့် လာမည့်နှစ်တွင် တာဝန်ထမ်းဆောင်မည့် ဒိုင်များအတွက် ဒိုင်ဝတ်စုံ လေးခု ထောက်ပံ့ပေးထားသည်။