ရှမ်းယူနိုက်တက်နှင့် ပွဲမှ အပြုအမူအတွက် ရန်ပိုင်စိုးကို စည်းထိန်းမှ ၇ ပွဲပယ်

April 30, 2019

ဧရာဝတီ ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် MPT Myanmar National League 2019 ပွဲစဉ် ၉ ပွဲစဉ်၏ ပွဲချိန် ၉၀+၅ မိနစ်မှ ရန်ပိုင်စိုး၏ အပြုအမူအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ၇ ပွဲပယ် ပြစ်ဒဏ်ချမှတ် လိုက်သည်။

ဧရာဝတီ ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက် အသင်းတို့သည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်က MPT Myanmar National League 2019 ပွဲစဉ် ၉ ပွဲစဉ်အဖြစ် ပုသိမ်မြို့ ကျောက်တိုင်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ပြီး အဆိုပါပွဲမှာ (၂-၂)ဂိုး သရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ အဆိုပါပွဲ၏ ပွဲချိန် ၉၀+၅ မိနစ်တွင် ဧရာဝတီ ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၁၁) ရန်ပိုင်စိုးနှင့် ရှမ်းယူနိုက်တက် အသင်းမှ ကျောနံပါတ် (၁၅) ရဲမင်းသူတို့ အချင်းများခဲ့ခြင်း ဖြစ်ပြီး ရန်ပိုင်စိုးက ပြိုင်ဘက်ကစားသမား၏ မျက်နှာကို ထိုးကြိတ်ခဲ့သောကြောင့် ဒိုင်လူကြီးမှ အနီကတ်ပြသ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။

အဆိုပါ အပြုအမူနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဧပြီ ၃၀ ရက် နံနက်ပိုင်းက အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အောက်ပါအတိုင်း အရေးယူမှု ပြုလုပ်ခဲ့သည်။

  • ဧရာဝတီ ယူနိုက်တက် အသင်းမှ ရန်ပိုင်စိုးသည် ပွဲရပ်နားထားစဉ် တစ်ဖက်သားအား စိတ်လိုက်မာန်ပါ အင်အားသုံး၍ ထိုးကြိတ်ခဲ့သဖြင့် MPT Myanmar National League I & II Regulations 2019 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၅) အရ အနီးစပ်ဆုံး (၇)ပွဲ (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ဘောလုံးပြိုင်ပွဲများ အပါအဝင်) ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ခုနှစ်သိန်းကျပ် ပေးဆောင်ရန်။