ကွင်းအတွင်းသို့ အရာဝတ္တုများဖြင့် ပစ်ပေါက်မှုအတွက် ရှမ်းယူနိုက်တက် အသင်းကို စည်းထိန်းကော်မတီမှ ပြစ်ဒဏ်ချမှတ်

June 26, 2019

ပြီးခဲ့သည့် ဇွန် ၂၃ ရက်က တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင် ရှမ်းယူနိုက်တက် ပရိသတ်များက ကွင်းအတွင်း အရာဝတ္တုများဖြင့် ပစ်ပေါက်ခဲ့မှု အတွက် ရှမ်းယူနိုက်တက် အသင်းကို မြန်မာနေရှင်နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်လိုက်သည်။

MPT Myanmar National League 2019 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၃ ပွဲစဉ်တစ်ပွဲ အဖြစ် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည့် အဆိုပါ ပွဲစဉ်၏ ပွဲချိန် ၉၀ + ၁ မိနစ်၊ အရှေ့ဘက် ပွဲကြည့်စင်ရှေ့ ရန်ကုန် အသင်း လက်ပစ်ဘော ရရှိချိန်တွင် ပွဲကြည့်စင်ပေါ် ပရိသတ်များ ဆီမှ ကွင်းအတွင်းသို့ အရက်ပုလင်းများ၊ ရေသန့်ဗူးများ၊ ခဲများ၊ ဖိနပ်များနှင့် ပစ်ပေါက်ခဲ့သည့် အတွက် ပြိုင်ပွဲကို စက္ကန့် ၃၀ ခန့် ရပ်နားခဲ့ရသည်။

ယင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဇွန်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုဖိုင်များကို ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ပြီးနောက် အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းယူနိုက်တက် အသင်း အနေဖြင့် MPT Myanmar National League I & II Regulations 2019 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၆) အရ ဒဏ်ကြေးငွေကျပ် တစ်ဆယ်သိန်း (၁,၀၀၀,၀၀၀ိ/-) ပေးဆောင်ရန်။