ဒုတိယအကြိမ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ(ရန်ကုန်ဇုန်)ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်တွင် စတင်ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ ဇွန်လ ၂၆ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှ တိုင်းပညာရေးမှူး ဒေါ်ခင်မာဆွေ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ မြန်မာနေရှင်နယ်လိဂ် Operation & Security Director ဦးအောင်သူမြင့်၊ မြန်မာနေရှင်နယ်လိဂ် Project Director ဦးသိုက်စံထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့ စည်းရေး ဒါရိုက်တာ ဦးသန်းဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်ဖွံ့ဖြိုးရေးတာဝန်ခံ ဦးညီညီ
လတ်၊ ရန်ကုန်ယူနိုက်တက်အသင်း Deputy General Manager ဦးသက်ကိုကိုဦး၊ MPT မှ Event and Sponsorship Manager ဒေါ်ခင်သူဇာကျော် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ယနေ့အခမ်းအနားသည် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် အဓိက လုပ်ငန်းဖြစ်သည့် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT လူငယ်ဘောလုံးပြိုင်ပွဲအတွက် အကြိုညှိနှိုင်းအစည်း
ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် သက်ဆိုင်ရာ ကလပ်အသင်းများ၏ တက်တက်ကြွကြွ ပါဝင်ကူညီမှုဖြင့် ပြီးခဲ့သည့်နှစ်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် (၈) ခုတွင် အောင်အောင်မြင်မြင် ကျင်းပပြုလုပ်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မကွေးတိုင်းနှင့် ကရင်ပြည်နယ်တို့ ထပ်မံတိုးမြှင့်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုတွင် ကျင်းပပြလုပ်သွားမည်ဖြစ်ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ်ပြိုင်ပွဲ၌ အဘက်ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုနှစ်တွင်လည်း ပြီးခဲ့သည့်နှစ်မှ အားနည်းချက်/အားသာချက်များကို ပြန်လည်သုံးသပ်၍ ပြိုင်ပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်စေရန်နှင့် မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ၀ိုင်းဝန်း ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း စသဖြင့် အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ် ပရောဂျက်ဒါရိုက်တာ ဦးသိုက်စံထွန်းမှ MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ လူငယ်ဘောလုံးပြိုင်ပွဲမတိုင်မီ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည့် လူငယ်ဘောလုံးနည်းပြသင်တန်းအတွက် စီစဉ်ထားရှိမှုများ၊ ပြိုင်ပွဲဝင် အသင်းများအတွက် ငွေကြေးထောက်ပံ့ပေးမှု အစီအစဉ်များ၊ ဆုကြေးချီးမြှင့်ပေးမည့် အပိုင်းများနှင့် Grassroots တွင် ပါဝင်ဆင်နွှဲကြမည့် ကလေးငယ်များ အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား
ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။
ထိုသို့ ပြိုင်ပွဲကျင်းပသွားမည့် အခြေအနေများနင့် စပ်လျဉ်း၍ အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများမှ တစ်ဦးချင်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဦးဆောင်လမ်းညွန်မှုဖြင့် ရန်ကုန်မြို့၊ ရန်ကုန်ယူနိုက်တက်အသင်း၏ Y.U.S.C ကွင်း၌ ကျင်းပပြုလုပ်သွားမည့် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၇ ရက်တွင်လည်းကောင်း၊ ယူ ၁၄ ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၈ ရက်မှ သြဂုတ်လ ၅ ရက်အထိလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ထို့အတူ ယင်းမတိုင်မီ လူငယ်ဘောလုံးပွဲတော်နည်းပြသင်တန်းကို နှစ်ရက်ကြာင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကာယဆရာ၊ဆရာမ ၅၀ ဦး တက်ရောက်ကြမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT မှ အဓိက ကူညီပံ့ပေးသွားမည့် MPT Grassroots Football Festival (လူငယ်ဘောလုံးပွဲတော်)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၆ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကလေးငယ် ၂၅၀ ကျော် ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။
ထို့အတူ MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲ( MPT U 14 Football Tournament 2019)
တွင် ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်မည်ဖြစ်ပြီး ပထမရရှိသည့်အသင်းကို ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုရ အသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည့်အပြင် နေရာအလိုက်အကောင်းဆုံး ကစားသမားဆုများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်ပါသည်။
ထို့ပြင် သက်ဆိုင်ရာ စပွန်ဆာများ၏ ပူးပေါင်းပါဝင်မှုဖြင့် Grassroots လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည့် ကလေးများအတွက် MPT၊ Official Main Sponsor Myanmar Care အပါအ၀င် သက်ဆိုင်ရာ စပွန်ဆာပါတနာများ၏ ပံ့ပိုးမှုဖြင့် အားဖြည့်အချိုရည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အစားအသောက်များကို ပေးအပ်သွားမည်ဖြစ်သည်။