မန္တလေးတိုင်းတွင် ကျင်းပမည့် Grassroots ဘောလုံးပွဲတော် အတွက် နည်းပြသင်တန်း ဖွင့်လှစ်

July 1, 2019

၂၀၁၉ ခုနှစ် အတွက် ပထမဆုံး အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မိတ်ဖက် MPT တို့ ပူးပေါင်းကာ Official Main Sponsor ဂရုဏာရှေးရှု မြန်မာမှု (Myanmar Care) ၏ ကူညီပံ့ပိုးမှုများဖြင့် မန္တလေးမြို့တွင် ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 များ အနက်မှ MFF-MPT Grassroots Football Festival 2019 အတွက် နည်းပြသင်တန်းကို ယနေ့ နံနက်ပိုင်းက ဘောလုံးပွဲတော်နှင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် မန္တလာသီရိ ဘောလုံးကွင်းကြီးတွင် ဖွင့်လှစ်ခဲ့သည်။

 

၂ ရက်တာ ဖွင့်လှစ်သွားမည့် အဆိုပါ သင်တန်းသို့ မန္တလေးတိုင်း အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများမှ ကာယ ဆရာ၊ ဆရာမ ၃၄ ဦးနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဆရာ၊ ဆရာမ ၂၀ ဦး တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ နည်းပြများက အခြေခံ ဘောလုံးပညာများကို စာတွေ့ လက်တွေ့ သင်ကြားပေးမည် ဖြစ်ကာ မြန်မာနေရှင်နယ်လိဂ်မှ Sponsorship Project Director ဦးသိုက်စံထွန်းက ဈေးကွက်ရှာဖွေမှု အခြေခံ သဘောတရားများကို သင်ကြားပေးသွားမည် ဖြစ်သည်။

MFF-MPT Grassroots Football Festival 2019 ကို လာမည့် ဇူလိုင် ၃ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိ ကွင်းကြီးတွင် ကျင်းပသွားမည် ဖြစ်ပြီး နောက်တစ်ရက် ဇူလိုင် ၄ ရက်မှ ဇူလိုင် ၁၂ ရက်ထိ MPT U-14 Football Tournament 2019 ကို မန္တလေးတိုင်း ဒေသအသီးသီးမှ ပြိုင်ပွဲဝင် အသင်း ၁၂ သင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။