MPT Myanmar National League II 2019 အမှတ်ပေး ဘောလုံးပြိုင်ပွဲများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ စတင်ကာ ကျင်းပလျှက် ရှိပါသည်။ အဆိုပါ ပြိုင်ပွဲများ စတင်ချိန်ကတည်းက အသင်းအုပ်ချုပ်သူများ အစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် ပတ်သက်၍ အသင်းတာဝန်ရှိသူများ ဖြစ်သည့် အသင်းအုပ်ချုပ်သူ၊ နည်းပြချုပ်၊ အသင်းနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များသာ တက်ရောက်ပါရန်နှင့် အသင်းဂျာစီများကိုပါ တစ်ပါတည်း ယူဆောင်လာပါရန် အကြိမ်ကြိမ် အသိပေး ပြောကြားထားခဲ့ပြီး ဖြစ်ပါသည်။
သို့သော်လည်း Royal Thanlyin အသင်းမှာ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် နံနက် ၁၁း၀၀ နာရီတွင် ပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် ၁၀ အတွက် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို တက်ရောက်ခြင်း မရှိခဲ့သည်ကို တွေ့ရှိရပါသည်။
သို့ပါ၍ အသိပေး ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိသည့် ရွိုင်ရယ်သန်လျင် အသင်းအား ဒဏ်ကြေးငွေ ၃ သိန်းကျပ် ချမှတ်လိုက်သည်။ ဆက်လက်၍ ရွိုင်ရယ်သန်လျင် အသင်းအနေဖြင့် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ဒုတိယအကြိမ် ထပ်မံဖြစ်ပေါ် ခဲ့ပါက ယခုထက်ပိုသော အမှတ်လျော့ ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေများ ချမှတ်အရေးယူ ခံရမည် ဖြစ်သည်။