မန္တလေးဇုန် MPT U-14 ဘောလုံးပြိုင်ပွဲအတွက်  အသက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ကစားသမား ၁၆ ဦး အသက်ကျော်နေကြောင်း စစ်ဆေးတွေ့ရှိ

July 3, 2019

ဇူလိုင်လ ၄ ရက်တွင် စတင်ကျင်းပတော့မည့် MPT U-14 Football Tournament 2019 (မန္တလေး) ဇုန် ပြိုင်ပွဲအတွက် အသက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စုစုပေါင်း ကစားသမား ၁၆ ဦးမှာ အသက်ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုသို့ အသက်စစ်ဆေးမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး ဦးဆောင်သည့် အသက်စစ် အဖွဲ့မှ ကြပ်ကြပ်မတ်မတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင် အသင်း ၁၂ သင်းမှ ကစားသမားများကို ပထမအဆင့်အဖြစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဖြစ်သည့် အရိုး၊ သွားနှင့် အမွှေးအမြှင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူများကို ရွေးထုတ်၍  ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့သည်။ ယင်းနောက် ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားရ ခက်သူ ကစားသမားများကို ဓာတ်မှန်ရိုက်စစ်ဆေးမှု ထပ်မံပြုလုပ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဓာတ်မှန်ရိုက် စစ်ဆေးခံခဲ့ရသူ ကစားသမား ၄၃ ဦးအနက် ၁၆ ဦးမှာ စစ်ဆေးမှုကို ကျရှုံးခဲ့ကြသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်လျှက် ရှိသည့် MPT U-14 Football Tournament များကို  မြန်မာ့ဘောလုံးလောကအား အထောက်အပံ့ပေးနိုင်ရေး အတွက် ရည်ရွယ် ကျင်းပနေခြင်းဖြစ်ပြီး အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေး အတွက် ၂၀၁၈ ခုနှစ် ပြိုင်ပွဲမှ စတင်၍ အသက်စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

MPT U-14 Football Tournament 2019 (မန္တလေး) ဇုန် ပြိုင်ပွဲကို ဇူလိုင်လ ၄ ရက်မှ ၁၂ ရက်အထိ မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်း၌ တစ်ရက်လျင် နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။