နောက်ကျ အနိုင်ဂိုးများကြောင့် တန်းဆင်းဇုန် အပြင်ဘက်သို့ ရုန်းထွက်နိုင်ခဲ့သည့် မကွေးအသင်း

July 6, 2019

ယနေ့ ညနေ ၄း၀၀ နာရီက ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြသည့် မကွေးအသင်းနှင့် ဟံသာဝတီ ယူနိုက်တက် အသင်းတို့၏ MPT Myanmar National League 2019 ပွဲစဉ် ၁၅ ပွဲစဉ်တွင် တန်းဆင်းဇုန် အတွင်းမှ လွတ်မြောက်ရေး ရုန်းကန်နေရသည့် မကွေး အသင်းက ပွဲချိန် ၈၆ မိနစ်နှင့် ထပ်ဆောင်အချိန်ပို ၄ မိနစ်တို့တွင် ရရှိသည့် အနိုင်ဂိုးများကြောင့် ဟံသာဝတီ ယူနိုက်တက် အသင်းကို အနိုင်ရကာ တန်းဆင်းဇုန် အတွင်းမှ ရုန်းထွက်ပြီး အမှတ်ပေးဇယား အဆင့် ၉ နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။

ပြီးခဲ့သည့် ပွဲစဉ် ၁၄ တွင် ရန်ကုန်ယူနိုက်တက် အသင်းကို ရှုံးနိမ့်ကာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ဆင်းပေးလိုက်ရသည့် ဟံသာဝတီ ယူနိုက်တက် အနေဖြင့် ယခုပွဲတွင် ရမှတ်အပြည့် ရယူနိုင်ရန် အတွက် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး မကွေးအသင်းကလည်း အဓိက ကစားသမားများကို အားပြုကာ ဟံသာဝတီ ယူနိုက်တက် အသင်းကို ရင်ဆိုင်ခဲ့သည်။

ပွဲချိန် အများစုတွင် ဟံသာဝတီ ယူနိုက်တက် အသင်းက ပွဲကို ဦးဆောင်ကစားခဲ့ပြီး မကွေးအသင်းက ခံစစ်ကို အားပြုကာ တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့သည်ကို တွေ့ရသည်။ ယနေ့ပွဲတွင် မကွေးအသင်း ဂိုးသမား စိုးအာကာ အထူးလက်စွမ်း ပြခဲ့ပြီး ဟိန်းထက်အောင်၏ အနီးကပ် ကန်သွင်းချက် အပါအဝင် ဟံသာဝတီ အသင်း၏ အပိုင်ဂိုးသွင်းခွင့် အများစုကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ မကွေးအသင်း အတွက် အဖိုးတန် အနိုင်ဂိုးများကို ပွဲချိန် ၈၆ မိနစ်နှင့် ထပ်ဆောင်း အချိန်ပို ၄ မိနစ်တို့တွင်မှ ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းဂိုးများကို လူစားဝင် ကစားသမား ဇင်မင်းထွန်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

မကွေး အသင်းအနေဖြင့် ယခု နိုင်ပွဲကြောင့် ရမှတ် ၁၄ မှတ် ရရှိကာ တန်းဆင်းဇုန် အတွင်းမှ ရုန်းထွက် နိုင်ခဲ့ပြီး တနင်္ဂနွေ ပွဲစဉ်များ မတိုင်မီတွင် အဆင့် ၉ နေရာထိ တက်လှမ်းနိုင်ခဲ့သည်။