စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့တွင် လာမည့် ဇူလိုင် ၁၆ ရက်မှ စတင်ကျင်းပသွားမည့် MPT U-14 Football Tournament 2019 လူငယ် ဘောလုံးပြိုင်ပွဲအတွက် အသက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် အသက်ကျော်လွန်နေသည်ဟု သံသယရှိသည့် ကစားသမား ၃၉ ဦးကို ဓာတ်မှန်ရိုက် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ၂၄ ဦးမှာ အသက်ကျော်နေကြောင်း တွေ့ရှိခဲ့ရသည်။
နိုင်ငံအဝှမ်းမှ ဘောလုံးအားကစားကို စိတ်ဝင်စား ချစ်မြတ်နိုးသည့် ကလေးငယ်များ အခွင့်အရေး ပိုမိုရရှိစေရန်နှင့် ရွက်ပုန်းသီး လူငယ်များ ပိုမိုပေါ်ထွက် လာစေရန် ရည်ရွယ်ကျင်းပလျှက် ရှိသည့် MPT U-14 Football Tournament 2019 များတွင် အသက်မှန်ကန်ရေးကိုလည်း ဦးစားပေး စစ်ဆေးမှု ပြုလုပ်လျှက် ရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦး ကိုယ်တိုင် ပြိုင်ပွဲဝင်ရန် စာရင်းပေးလာသည့် ကစားသမား အားလုံးကို တွေ့ဆုံ စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ စစ်ဆေးမှု ပြုလုပ်ရာတွင် ကနဦး စစ်ဆေးမှု အဖြစ် ကိုယ်ခန္ဓာရှိ အမွှေးအမျှင်များနှင့် အရိုးများကို စစ်ဆေးမှု ပြုလုပ်ခြင်း ဖြစ်ပြီး ယင်းစစ်ဆေးမှုမှ အသက်ကျော်နေသည်ဟု သံသယရှိသည့် ကစားသမားများကို ဒုတိယ အဆင့်အဖြစ် ဓာတ်မှန်ရိုက်ကာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ရွှေဘိုမြို့တွင် ကျင်းပသွားမည့် စစ်ကိုင်းတိုင်း MPT U-14 Football Tournament 2019 အတွက် စစ်ဆေးမှုတွင် ကနဦး စစ်ဆေးမှုများ အပြီး ကစားသမား ၃၉ ဦးကို အသက်ကျော်နေသည်ဟု သံသယ ရှိခဲ့ပြီး ယင်းတို့ကို ဓာတ်မှန်ရိုက် စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် ၂၄ ဦးမှာ အသက်ကျော်နေကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အသက်ကျော်နေကြောင်း စစ်ဆေးတွေ့ရှိရသည့် ကစားသမားများ အနေဖြင့် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ဘဲ ယင်းကစားသမားများ ပါဝင်နေသည့် အသင်းများ အနေဖြင့် မနက်ဖြန် ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁၂း၀၀ နာရီ မတိုင်မီတွင် ကစားသမားသစ် များဖြင့် အစားထိုး လဲလှယ်နိုင်မည် ဖြစ်သည်။
ယင်းပြိုင်ပွဲများကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းကာ နှင့် Official Main Sponsor Myanmar Care ၏ ပံ့ပိုးမှုများ၊ Co-Sponsor များ၏ ပံ့ပိုးမှုများဖြင့် နိုင်ငံတဝှမ်းတွင် ကျင်းပသွားမည် ဖြစ်သည်။ ယခုနှစ်အတွင်း မန္တလေး၊ ရွှေဘို အပါအဝင် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံ၊ မကွေး၊ စစ်တွေ၊ ပုသိမ်၊ တောင်ကြီး စသည့် မြို့ကြီး ၁၀ မြို့တွင် ကျင်းပသွားမည် ဖြစ်ကာ လက်ရှိတွင် မန္တလေးမြို့၌ ကျင်းပပြီးစီး သွားပြီ ဖြစ်ပြီး မန္တလေး (က) အသင်းက ချန်ပီယံအဖြစ် ဗိုလ်စွဲနိုင်ခဲ့သည်။