၂၀၁၉ ခုနှစ်အတွင်း ကရင်ပြည်နယ်၌ ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots Football Festival နှင့် MPT U14 Youth Football Tournament များအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ယင်းအစည်းအဝေးသို့ ကရင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ကရင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးငွေစိုး၊ ပြည်နယ်ဘောလုံး ဆပ်ကော်မတီ ဥက္ကဌ ဦးသိမ်းထွဋ်ထူး၊ ကရင်ပြည်နယ် လက်ရွေးစင်ဟောင်းများ အဖွဲ့ ဥက္ကဌ ဦးမြင့်အောင်၊ ဘားအံခရိုင် ကြက်ခြေနီအဖွဲ့ ဥက္ကဌ ဦးကျော်ဝင်း၊ မြန်မာနေရှင်နယ်လိဂ်မှ Sponsorship Project Director ဦးသိုက်စံထွန်း၊ မြန်မာနေရှင်နယ်လိဂ် အထွေထွေ စီမံခန့်ခွဲရေး အရာရှိ ဦးရဲနိုင်ဦး၊ ပညာရေးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကရင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးငွေစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းအောင်က လုပ်ငန်းလမ်းညွှန်စကား ပြောကြားခဲ့သည်။ ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ်မှ Sponsorship Project Director ဦးသိုက်စံထွန်းက ပြိုင်ပွဲကျင်းပမည့် နေ့ရက်၊ ကျင်းပမည့် ပုံစံများကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယခုနှစ်အတွင်း ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots Football Festival နှင့် MPT U14 Youth Football Tournament များကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့်တိုင်း ၁၀ ခုတွင် ကျင်းပသွားမည် ဖြစ်ပြီး ကရင်ပြည်နယ်တွင် ယခုနှစ်တွင်မှ ပထမဆုံး ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။ ကရင်ပြည်နယ် အတွက် MFF-MPT Grassroots Football Festival ကို သြဂုတ် ၂၀ ရက်တွင် လည်းကောင်း၊ MPT U14 Youth Football Tournament ကို သြဂုတ် ၂၁ ရက်မှ သြဂုတ် ၂၉ ရက်ထိ လည်းကောင်း ဘားအံမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။