ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကြီးအား သုံးကြိမ်မြောက် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

September 24, 2019

၂၀၁၉ ခုနှစ် ဘောလုံးရာသီ၏ ကွင်းပိတ်ဖလားပွဲစဉ်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ဗိုလ်လုပွဲကြီးတွင် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပိုတွင် အနိုင်ယူပြီး ချန်ပီယံဆုကို သုံးကြိမ်မြောက် ရယူနိုင်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် အဆိုပါ ပွဲစဉ်ကို ယနေ့ညနေပိုင်းက သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ ရခိုင်ယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ MPT JO မှ မစ္စတာဘန်နီနိုစံ၊ မြန်မာဘရူဝါရီလီမိတက်မှ COO ဦးကျော်ကြား၊ MPT JO မှ COO မစ္စတာ ကိုအိချီကာဇူယာနှင့် JCB မှ Country Manager Mr.Fuji Takeshiနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှ ပရိသတ်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။

ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး မိနစ် ၉၀ အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့သည်။ ထို့နောက် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၄-၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ MPT JO မှ မစ္စတာဘန်နီနိုစံ၊ မြန်မာဘရူဝါရီလီမိတက်မှ COO ဦးကျော်ကြား၊ MPT JO မှ COO မစ္စတာ ကိုအိချီကာဇူယာနှင့် JCB မှ Country Manager Mr.Fuji Takeshiနှင့် တာဝန်ရှိသူများက ဆုများအား တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဖလားပြိုင်ပွဲတွင် သုံးကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ရာ ရှုံးထွက်ပြိုင်ပွဲ၌ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည့် ဧရာဝတီယူနိုက်တက်အသင်း၏ စံချိနှ်နှင့် တူညီသွားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်တွင် အမှတ်ပေးဆုဖလားနှင့် လွဲချော်ခဲ့ရသော်လည်း ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းကြောင့် လာမည့်နှစ် အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် ပြိုင်ပွဲများတွင် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု/ ရှုံးထွက်ဖလားချန်ပီယံအသင်းများ

ဟံသာဝတီယူနိုက်တက်(ဥဿာယူနိုက်တက်)-၂၀၁၀
ရန်ကုန်ယူနိုက်တက်-၂၀၁၁
ဧရာဝတီယူနိုက်တက်-၂၀၁၂
ဧရာဝတီယူနိုက်တက်-၂၀၁၄
ဧရာဝတီယူနိုက်တက်-၂၀၁၅
မကွေးအက်ဖ်စီ-၂၀၁၆
ရှမ်းယူနိုက်တက်-၂၀၁၇
ရန်ကုန်ယူနိုက်တက်-၂၀၁၈
ရန်ကုန်ယူနိုက်တက်-၂၀၁၉