မြန်မာနေရှင်နယ်လိဂ် ကော်မတီက ရွေးချယ်ချီးမြှင့်သည့် MPT Myanmar National Leegue 2019 ၏ သြဂုတ်-စက်တင်ဘာအတွက် အကောင်းဆုံးဆုများကို ရှမ်းယူနိုက်တက် တစ်သင်းတည်းမှ ရရှိသွားခဲ့သည်။
တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရှမ်းယူနိုက်တက်အသင်းနည်းပြ ဦးအောင်နိုင်က ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို နန္ဒကျော်က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆုများအား ယနေ့သုဝဏ္ဏကွင်း၌ ကျင်းပသည့် ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်မီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အကောင်းဆုံးနည်းပြဆုကို အထိမ်းအမှတ် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၁သိန်း၊ ကစားသမားဆုကို အထိမ်းအမှတ်ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၁၅၀,၀၀၀ ချီးမြှင့်ပေးခြင်း ဖြစ်ပါသည်။
ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်နိုင်သည် သြဂုတ်-စက်တင်ဘာအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်လေးပွဲတွင် လေးပွဲစလုံး နိုင်ပွဲရရှိအောင် အသင်းကို ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ထို့အတူ မြန်မာ့လက်ရွေးစင်နှင့် ရှမ်းယူနိုက်တက်အသင်း၏ ဘယ်နောက်ခံလူ နန္ဒကျော်အနေဖြင့် အဆိုပါ ကာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်လေးပွဲတွင် သွင်းဂိုး နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အပြင် ကစားဖော်များ ဂိုးသွင်းယူနိုင်ရန် ဂိုးဖန်တီးမှုလေးကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။
ယခုနှစ်အတွင်း လအလိုက်အကောင်းဆုံး နည်းပြဆု ရရှိခဲ့သူများ
၁။ ဦးအောင်ကျော်မိုး (ရတနာပုံ)-ဇန်န၀ါရီ
၂။ ဦးငွေထွန်း(ဟံသာဝတီယူနိုက်တက်)- ဖေဖော်ဝါရီ/မတ်
၃။ ဦးအောင်ကျော်မိုး(ရတနာပုံ)-ဧပြီ
၎။ ဦးအောင်နိုင် (ရှမ်းယူနိုက်တက်) – မေ/ဇွန်
၅။ ဦးတင်မောင်ထွန်း(ရန်ကုန်ယူနိုက်တက်)-ဇူလိုင်
၆။ ဦးအောင်နိုင်(ရှမ်းယူနိုက်တက်) သြဂုတ်/စက်တင်ဘာ
လအလိုက်အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူများ
၁။ ၀င်းနိုင်ထွန်း(ရတနာပုံ)-ဇန်န၀ါရီ
၂။ လှိုင်းဘိုဘို(ရတနာပုံ)- ဖေဖော်ဝါရီ/မတ်
၃။ ဆီလာ(ရန်ကုန်ယူနိုက်တက်)-ဧပြီ
၎။ အဘူဘာကာ(ရခိုင်ယူနိုက်တက်)မေ/ဇွန်
၅။ ဇင်မင်းထွန်း(မကွေးအက်ဖ်စီ)-ဇူလိုင်
၆။ နန္ဒကျော်(ရှမ်းယူနိုက်တက်)-သြဂုတ်-စက်တင်ဘာ