ချန်ပီယံအသင်းသစ် ထွက်ပေါ်ခဲ့သည့် မွန်ပြည်နယ်အဆင့် MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

October 4, 2019

ချန်ပီယံအသင်းသစ် ထွက်ပေါ်ခဲ့သည့် မွန်ပြည်နယ်အဆင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာအသင်းအိမ်ကွင်း မော်လမြိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။

မျိုးဆက်သစ် ကစားသမားများ ထွက်ပေါ်လာရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနေရှင်နယ်လိဂ်ကလပ် ဆောက်သမ်းမြန်မာအသင်းတို့နှင့် ပူးပေါင်းကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာအသင်းအိမ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့အခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ စည်ပင်သာယာရေးနှင် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လျပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်းနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ ဆောက်သမ်းမြန်မာအသင်း အထွေထွေမန်နေဂျာ ဦးမြင့်ကြူးနှင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ စပွန်ဆာ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

ရှေ့ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် သထုံညွန့်ပေါင်းအသင်းနှင့် ကျိုက်မရောအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကျိုက်မရောလူငယ်အသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ခဲ့ကြသည့် ဒိုင်လူကြီးများအား မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ အသိအမှတ်ပြု ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ပြိုင်ပွဲတွင် အကောင်းဆုံးဆု ရရှိသူများနှင့် အသန့်ရှင်းဆုံးအသင်းဆုတို့ကို ဆက်လက်ချီးမြှင့်ခဲ့ရာ ရှေ့တန်းအကောင်းဆုံးဆု ရရှိသည့် သထုံညွန့်ပေါင်းလူငယ်အသင်းမှ ကျောနံပါတ် (၁၁) စိုးမြတ်မောင်မောင်အား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ ကို မြန်မာဘရူဝါရီလီမိတက်မှ Corporate Communication Manager ဦးမိုးဇော်၊ အလယ်တန်းအကောင်းဆုံးဆု ရရှိသည့် သထုံညွန့်ပေါင်းအသင်းမှ ကျော့နံပါတ် (၁၇) ဖြိုးခန့်ထွန်းအား ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂၀၀၀၀ကို မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမြင့်၊ နောက်တန်းအကောင်းဆုံးဆု ရရှိသည့် ပေါင်လူငယ်အသင်းမှ ကျောနံပါတ် (၃) မောင်ဉာဏ်မင်းအား Myanmar Care မှ Business Manager (မော်လမြိုင်) ဦးဘိုဘိုလင်း၊ ဂိုးသမားအကောင်းဆုံးဆု ရရှိသည့် ကျိုက်မရောလူငယ်အသင်းမှ ကျောနံပါတ် (၁) စောမင်း ဆုတံဆိပ်နှင့်ဆုငွေကျပ် ၂၀၀၀၀ကို ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ပူးတွဲဂိုးသွင်းအများဆုံးဆု ရရှိသည့် စိုးမြတ်မောင်မောင်(သထုံ)၊အောင်သူရ(ကျိုက်ထို)နှင့် စောမောင်စိုးသိန်း(ကျိုက်မရော)အသင်းတို့အား ဆုတံဆိပ်နှင့် ဆုငွေကျပ် ချီးမြှင့်မှုကို မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံး ကစားသမားဆု ရရှိသည့် ပေါင်မြို့နယ်အသင်းမှ ကျောနံပါတ် (၁၀) ချမ်းအေး မြန်မာဘရူဝါရီလီမိတက်မှ Corporate Communication Manager ဦးမိုးဇော်၊ အသန့်ရှင်းဆုံးအသင်းဆု ရရှိသည့် ပေါင်မြို့နယ်လူငယ်အသင်းအား ဆုကြေးငွေကျပ် ၂ သိန်း ချီးမြှင့်မှုကို ပရီမီယာဝဲလ်နက်စ် Branch Manager ဦးတေဇာဝင်းရွှေ၊ အသန့်ရှင်းဆုံးအသင်းဆု ရရှိသည့် တတိယဆု ရရှိသည့် ကျိုက်မရောအသင်းအား တစ်ဦးချင်း ကြေးတံဆိပ်ချီးမြှင့်မှုကို
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ်ဆက်သွယ်ရေး မန်နေဂျာ ဦးဇွဲဇော်ဇော်နှင့် ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်မှုကို မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်တို့မှ ချီးမြှင့်ပေးခဲ့ကြသည်။

အလားတူ မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT မှ အဓိက ကူညီပံ့ပိုးပေးခဲ့သည့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် သထုံခရိုင်ညွှန့်ပေါင်းလူငယ်အသင်းအား တစ်ဦးချင်းငွေတံဆိပ် ချီးမြှင့်မှုကို လျပ်စစ်|စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်းနှင့် ဆုကြေးငွေကျပ် ၅ သိန်း ချီးမြှင့်မှုကို စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဝန်ကြီး ဦးမင်းကျော်လွင်၊ ပထမဆုရရှိသည့် ကျိုက်မရောမြို့နယ်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ချီးမြှင့်မှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းချီးမြှင့်ပေးခဲ့ကာ MPT မှ အဓိက ပံ့ပိုးပေးခဲ့သည့် ယခုပြိုင်ပွဲတွင် ထိုက်ထိုက်တန်တန်အနိုင်ရ ဗိုလ်စွဲခဲ့သည့် ချန်ပီယံ ကျိုက်မရောအသင်းအား မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးမှ တံခွန်စိုက်ဆုဖလားကြီးကို တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ပထမဆုကို ကျိုက်မရောအသင်း၊ ဒုတိယဆုကို သထုံညွန့်ပေါင်းအသင်း၊ တတိယဆုကို ကျိုက်ထိုလူငယ်အသင်းတို့ ရရှိခဲ့ပြီး ပထမဆုကို ဆုဖလားနှင့် အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း၊ တတိယဆုကို ဆုတံဆိပ်အပါအဝင် ဆုကြေးငွေ ၃ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် အသန့်ရှင်းဆုံးအသင်းဆုနှင့် ပွဲစဉ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုများကိုပါ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံအသင်းသစ် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်ချန်ပီယံ မော်လမြိုင်လူငယ်အသင်းမှာ ယခုနှစ်တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျင်းပပေးလျက်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဒေသနှစ်ခု ထပ်မံတိုးမြှင့်၍ ကျင်းပနေခြင်းဖြစ်သည်။
ယခုအခါ ၂၀၁၉ ပြိုင်ပွဲများအဖြစ် မန္တလေး၊ ရွှေဘို(စစ်ကိုင်း)၊ ရန်ကုန်၊ မကွေး၊ တောင်ကြီး၊ ပဲခူး၊ ဘားအံ၊ မော်လမြိုင်တို့တွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အဆင့်(စစ်တွေ) နှင့် ဧရာဝတီတိုင်းဒေသကြီးအဆင့်(ပုသိမ်)တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။