လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို အားကျတယ်ဆိုတဲ့ MPT ယူ ၁၄ ပြိုင်ပွဲ၏ (၂) နှစ်ဆက် အကောင်းဆုံးဆုရှင်

October 9, 2019

“သူ(ကောင်းခန့်ကျော်) က၂၀၁၈ တုန်းကလည်း အကောင်းဆုံးဆု ရခဲ့တာ။ ဒီနှစ်လည်း သူပဲ ရဦးမှာ”

‘အပွေးမြင် အပင်သိ’ တဲ့ ဘောလုံးလောကရဲ့ အတွေ့အကြုံရင့်ကျက်သူ တစ်ဦးပီပီ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းစနစ်ဌာနမှ ဦးဝင်းမြင့်သွင်က အကြိုဗိုလ်လုပွဲအဆင့်မှာ ကတည်းက ကစားသမားရဲ့ ခြေစွမ်းကိုကြည့်ရင်း အကောင်းဆုံး ကစားသမားဆုအတွက် အထက်ပါအတိုင်း ကြိုတင်ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်က ထူးချွန်ထက်မြက်တဲ့ ရွက်ပုန်းသီး ကစားသမားတွေ ထွက်ပေါ်လာစေဖို့ ရည်ရွယ်ကျင်းပခဲ့တဲ့ MPT U-14 Football Tournament 2019 လူငယ်ဘောလုံးပြိုင်ပွဲမှာ တောင်ငူ(ခ)အသင်းက နှစ်ကြိမ်ဆက် အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

တောင်ငူ(ခ) အသင်းအနေနဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်ပြိုင်ပွဲတွေမှာ နှစ်ကြိမ်ဆက် တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့သလို အသင်းခေါင်းဆောင် ကောင်းခန့်ကျော်ကလည်း ယခုပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းပြောဆိုမှုအတိုင်း (၂) နှစ်ဆက် သိမ်းပိုက်သွားခဲ့တာပါ။

လက်ရှိကျင်းပနေတဲ့ MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွေမှာ (၂) နှစ်ဆက် ပွဲစဉ်တစ်လျောက် အကောင်းဆုံး ကစားသမားဆုရှင်က တစ်ဦးတည်းသာ ထွက်ပေါ်ထားပါတယ်။
ထို့အတူပဲ နှစ်ကြိမ်ဆက် ချန်ပီယံအသင်းကလည်း လက်ရှိမှာ တောင်ငူ(ခ) တစ်သင်းတည်းသာ စွမ်းဆောင်ထားနိုင်တာပါ။

သူက တောင်ငူ(ခ)အသင်း နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ရေးမှာ အသင်းခေါင်းဆောင် တစ်ဦးပီပီ အသင်းရဲ့ နောက်တန်းမှာ ကျောက်ဆောင်ကြီးပမာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ဒီဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ပြိုင်ပွဲဝင် တောင်ငူ(ခ)အသင်းရဲ့ လူစာရင်းမှာ ၂၀၁၈ ပြိုင်ပွဲဝင် အသင်းရဲ့ အသက်မီတဲ့ ကစားသမား သုံးဦးသာ ပြန်လည် ပါဝင်ခဲ့ပြီး
ကျန်တာတွေက လူသစ် ကစားသမားတွေ ဖြစ်ပါတယ်။

သူက အဆိုပါ သုံးဦးထဲက တစ်ဦးဖြစ်ပြီး အသက်ကန့်သက်ချက်ရှိနေတဲ့ ဒီလိုပြိုင်ပွဲမှာ (၂) နှစ်ဆက် ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ခက်ခဲသလို နှစ်ကြိမ်ဆက် အကောင်းဆုံး ကစားသမားဆု ရဖို့ဆိုတာ ပိုလို့တောင် ခက်ခဲစေမှာပါ။

သို့ပေမယ့် ဘယ်လိုပဲ ခက်ခဲနေပါစေ အရပ်အမောင်း မြင့်မြင့်နဲ့ အလားအလာကောင်းတွေ ပြည့်နှက်နေတဲ့ နောက်ခံကစားသမားကတော့ အထက်ပါအချက်တွေကို ချေဖျက်ပြီး အကောင်းဆုံး ကစားသမားဆုဆိုတာကို သက်သေပြသွားခဲ့ပါတယ်။

“စိတ်ဓာတ်ကောင်းတယ်။ ခံစစ်လုံတယ်။ သူကိုယ်တိုင်က မခိုမကပ် ကစားတဲ့အတွက် အသင်းဖော်တွေအပေါ် သြဇာညောင်းတယ်” ဆိုပြီး ပြိုင်ပွဲမှာ ကစားသမားတွေရဲ့ ခြေစွမ်းကို လာရောက်လေ့လာ မှတ်တမ်းယူလေ့ရှိတဲ့ ဦးဝင်းမြင့်သွင်က ကစားသမားအပေါ် မှတ်ချက်ပြုခဲ့ပါတယ်။

“ပြိုင်ဘက်အသင်းတွေကို အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ကစားတယ်။ ကိုယ့်အသင်းအနိုင်ရရှိရေးကိုလည်း ဦးတည်ကစားပါတယ်။ ကစားရင်း ထိခိုက်မိရင်တောင် ရန်ငြိုးရန်စ မထားဘူး။ အားကစားစိတ်ဓာတ်အပြည့်နဲ့ပဲ ယှဉ်ပြိုင်တယ်” လို့ အကောင်းဆုံးဆု ရရှိအပြီးမှာ ကောင်းခန့်ကျော်က သူ့ရဲ့စိတ်သဘောထားကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာ ဇာတိသားအနေနဲ့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ တစ်ညီတညွတ်တည်း ထောက်ခံမှုကို ချွင်းချက်မရှိ ရယူနိုင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

အမြင့်ဘောတွေကို ရှင်းထုတ်ရာမှာလည်း ကျွမ်းကျင်လှတဲ့အပြင် ပြိုင်ဘက်ကစားသမားတွေရဲ့ တိုက်စစ်ကို ဟန့်တားဖျက်ထုတ်တာ၊ ဘောလုံးဖြန့်ဝေတာ ကောင်းမွန်တဲ့ ကောင်းခန့်ကျော်က နောက်တန်းမှာ ကစားသူဖြစ်ပေမယ့် ပြည်တွင်းမှာ သူလေးစားအားကျရတဲ့ ကစားသမားက မြန်မာ့လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး အောင်သူလို့ ဖွင့်ဟခဲ့ပါတယ်။

ဒါဟာ လက်ရှိ သူဆော့ကစားနေတဲ့ ဗဟိုနောက်ခံလူ နေရာနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ သူ့ရဲ့အကြိုက်က ဆန့်ကျင်ဖက် ဖြစ်နေတာကို တွေ့ရမှာပါ။

ဒါကိုသူက” သူ(အောင်သူ) က ရှေ့တန်းမှာ ဂိုးသွင်းယူနိုင်တယ်။ ပြီးတော့ ဂိုးဖန်တီးပေးတာလည်း ကောင်းတယ်။ စိတ်ဓာတ်ပိုင်းကိုလည်း အားကျတယ်” လို့ ဆိုပါတယ်။

သို့ပေမယ့် ပြည်တွင်းမှာ ဆန့်ကျင်ဖက်နေရာက ကစားတဲ့ အောင်သူကို လေးစားအားကျပေမယ့် ပြည်ပမှာဆိုရင်တော့ ဘာစီလိုနာနောက်ခံလူ ပီကေးနဲ့ ရီးရဲလ်မက်ဒရစ်အသင်း နောက်ခံလူ ရာမို့စ်တို့ကို အားကျတယ်လို့ ပြောပြခဲ့ပါတယ်။

သူက ဘယ်သန် ခံစစ်သမားတစ်ဦးဆိုပေမယ့် တစ်ခါတရံ အလယ်တန်းအထိတက်ပြီး ကစားဖော်တွေနဲ့ အတွဲအဖက်မိမိ ကစားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

အနာဂတ်မှာ လက်ရွေးစင်ကစားသမားတစ်ယောက် ဖြစ်လာဖို့အထိ မျှော်လင့်ထားတဲ့ သူရဲ့ ဘောလုံးဝါသနာကတော့ မသေးလှပါဘူး။
“ကျောင်းက ပြန်လာတဲ့အချိန်တိုင်း ဘောလုံးကစားတယ်။ ညနေဘက် ကျောင်းပြန်လာရင် စာမကြည့်ဘူး။ ဘောလုံး မကစားရရင် မနေနိုင်သလိုပဲ။ ဒါကြောင့် ဘောလုံးအရင်ကစားတယ်။ ညဘက် ထမင်းစားပီးတဲ့ အချိန်မှ စာကြည့်တယ်”

ဒီလို ဝါသနာကို အရင်းခံလွန်းတဲ့ သူရဲ့ပုံစံကြောင့် တစ်ခါတရံ မိဘတွေနဲ့ အတိုက်အခံ လုပ်မိတဲ့အခိုက်အတန့်တွေ ရှိပေမယ့် မိဘနှစ်ပါးက အားပေးတဲ့အတွက်ကြောင့် အားတက်မိတယ်လို့ ပြောပါတယ်။

“ပညာရေးနဲ့ ဘောလုံးမှာ တစ်ခုကိုပဲ ရွေးပါဆိုရင် ဘောလုံးကိုပဲ ရွေးချင်တယ်”

မော်ဒန်ဘောလုံးလောကမှာတော့ ကိုယ့်ရဲ့ ကြိုးစားမှု၊ စွမ်းဆောင်နိုင်မှုတို့အပေါ် မူတည်ပြီး ခံစားခွင့်တွေနဲ့ အခြားသော ဘဝအတွက် ခိုင်မာတဲ့ အခွင့်အလမ်းတွေက အရိပ်ပမာ အတူယှဉ်တွဲနေပြီပဲ ဖြစ်ပါတယ်။

သို့သော်လည်း အနာဂတ်ဆိုတာကတော့ ကျွန်တော်တို့ သာမန် ပုထုဇဉ်လူသားတွေ တွေးမြင်သိစေနိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။

အသက် ၁၄ နှစ်သာရှိသေးတဲ့ ကစားသမားလေးရဲ့ စိတ်ကူးတွေကလည်း အတိုင်းအတာတစ်ခုအထိ ဒွိဟတွေနဲ့ ရှေ့ဆက်နိုင်ပါသေးတယ်။

သို့ပေမယ့် ပျိုရွယ်မှု၊ ဗီဇနဲ့ ပင်ကိုပါရမီတို့ကို အချိုးကျ ပေါင်းစပ်ထားတဲ့ သူရဲ့ အနေအထားက ဘောလုံးကမ္ဘာမှာ ရှင်သန်ထမြောက်နိုင်ဖို့ အချိန်မရွေး အဆင်သင့် ဖြစ်နေပုံရပါတယ်…။