ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် အထက်မြန်မာပြည် MPT-University Football Tournament 2019 (ဇုန်အလိုက်) အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက မန္တလေးမြိရှိ့၊ မန္တလာသီရိအားကစားကွင်း၌ ကျင်းပသည်။
တက္ကသိုလ်ဘောလုံးလောက ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်ပြုလုပ်သည့် ယခုဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်စား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း နှင့် တိုင်းဒေသကြီး အစိုးရရုံးမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ အထက်မြန်မာပြည်တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီဥက္ကဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊
MPT-KSGM Joint Operations မှ CSR Advisor ဦးခင်မောင်သက်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အဘက်ဘက်မှ ပံ့ပိုးပေးကြသည့် စပွန်ဆာ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများနှင့် ဘောလုံးအားကစား ဝါသနာရှင် ပရိသတ်များ၊ ကျောင်းသား/သူများနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကိုယ်စား မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အထက်မြန်မာပြည်တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီဥက္ကဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် MPT-KSGM Joint Operations မှ CSR Advisor ဦးခင်မောင်သက်တို့မှ ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြား၍ ပြိုင်ပွဲသို့ တက်ရောက်လာကြသည့် ဂုဏ်သရေရှိ ဧည့်သည်တော်ကြီများနှင့်အတူ ပြိုင်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တာဝန်ရှိပုဂ္ဂိုလ်များမှ အထက်မြန်မာပြည် အမျိုးသား/အမျိုးသမီးပြိုင်ပွဲဝင် အသင်းသားများအား ကွင်းအတွင်း လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ခဲ့သည်။
အခမ်းအနားဖွင့်လှစ်ပြီးနောက် မြစ်ကြီးနားဇုန်အမျိုးသားအသင်းနှင့် မုံရွာဇုန်အမျိုးသားအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ဒုတိယအကြိမ် အထက်မြန်မာပြည် MPT University Football Tournament 2019 ဇုန်အလိုက်(အမျိုးသား/အမျိုးသမီး)ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်မှ ၂၃ ရက်အထိ မန္တလာသီရိကွင်းနှင့် မန္တလေးတက္ကသိုလ်ဘောလုံးကွင်းတို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲ၌ တောင်ကြီး၊ မကွေး၊ မန္တလေး၊ မြစ်ကြီးနား၊ မုံရွာ၊ နေပြည်တော်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အမျိုးသမီးပြိုင်ပွဲ၌ မန္တလေး၊မြစ်ကြီးနား၊ မုံရွာ၊တောင်ကြီးနှင့် မကွေးအသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
ယင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းမှာ အမျိုးသားပြိုင်ပွဲတွင် မန္တလေးဇုန်အသင်းဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲတွင် မုံရွာဇုန်အသင်းဖြစ်သည်။