၂၀၂၀ ဘောလုံးရာသီအတွက် အကြိုညှိနှိုင်း အစည်းအဝေးတစ်ရပ် ကျင်းပ

October 24, 2019

လာမည့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် အကြိုညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) မွန်းလွဲ ၂ နာရီက Thuwunna Stadium ပထမထပ်ရှိ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ မစ္စတာ အဲရစ်အဗရမ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကွင်းရုံဒါရိုက်တာ ဦးကျော်လင်းထွေး၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦး၊ မြန်မာနေရှင်နယ်လိဂ် ၁ နှင့် ၂ တို့ရှိ ကလပ်အသင်း အသီးသီးမှ အမှုဆောင် အရာရှိချုပ်များ၊ အထွေထွေ မန်နေဂျာများ၊ နည်းပြချုပ်များနှင့် တာဝန်ရှိသူများ၊ MY SPORTS မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် လာမည့် ၂၀၂၀ ဘောလုံးရာသီတွင် လိဂ်ပြိုင်ပွဲ အသီးသီးကို စတင်ကျင်းပမည့် ရက်များအား အတည်ပြုခြင်း၊ ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများ၌ ပြောင်းလဲထားသည့် အချက်များကို တင်ပြ ဆွေးနွေးအတည်ပြုခြင်း၊ အသစ်ထပ်မံ ကျင်းပသွားရန် စီစဉ်ထားသည့် လူငယ်ဘောလုံးပြိုင်ပွဲများ အကြောင်း တင်ပြခြင်း တို့ ပြုလုပ်ခဲ့ပြီး ကလပ်အသင်းများမှ တာဝန်ရှိသူများက ပြန်လှန်ဆွေးနွေးခဲ့ကြသည်။

ဦးစွာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က အမှာစကား ပြောကြားရာ၌ ယခုအချိန်တွင် မိမိတို့ ဘောလုံးလောက အတွက် စိန်ခေါ်မှုများစွာနှင့် အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကို အရှိန်အဟုန်မပြတ် အောင်မြင်စွာ ကျင်းပပေးလျှက် ရှိပါကြောင်း၊ အထူးသဖြင့် ပြီးခဲ့သည့် ၂၀၁၉ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲ၌ နောက်ဆုံးအပတ် ပွဲစဉ်မကစားမီ အချိန်အထိ ချန်ပီယံဆုကို မျှော်လင့်နိုင်သည့် ကလပ်အသင်း သုံးသင်းထိ ရှိနေခဲ့ပြီး တန်းဆင်းဇုန် ၂ နေရာ အတွက်လည်း အသင်း ၄ သင်းက နောက်ဆုံးပွဲအထိ ယှဉ်ပြိုင်နေရသည့် အနေအထားမျိုးထိ ရောက်အောင် အလွန်အကြိတ်အနယ် ရှိခဲ့ကာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါကြောင်း၊ ထိုအခြေအနေမျိုးတွင် အားလုံး၏ ပူးပေါင်းဆောင်ရွက် ကြိုးစားမှုကြောင့် အိမ်ကွင်းမလုပ်နိုင်သေးသည့် အသင်းများ၏ ရန်ကုန်၌ ကစားသော ပွဲစဉ်အချို့သာ ပရိသတ် နည်းပါးခဲ့သော်လည်း နယ်ကွင်း အားလုံးတွင် ပရိသတ် အားပေးမှု သိသိသာသာ တိုးတက်လာပြီး အချို့ပွဲများတွင် ကွင်းလျံသွားသည် အထိ ပရိသတ်အားပေးမှု များပြားခဲ့ကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှု ရခဲ့ခြင်းမှာ ကလပ်အသင်း အသီးသီးမှ တာဝန်ရှိသူများ၊ ဖန်ကလပ် အဖွဲ့ဝင်များ၊ ဘောလုံးချစ်စိတ်ဖြင့် ပါဝင်ပံ့ပိုးပေးခဲ့ကြသည့် အနုပညာရှင်များ၊ ပံ့ပိုးပေးသည့် စပွန်ဆာများ၊ မိမိတို့၏ Host Broadcaster MY SPORTS နှင့် သတင်း မီဒီယာများ အားလုံး၊ ပရိသတ် အားလုံး၏ ကြိုးစားမှုကြောင့် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကလပ်အသင်းများကို မည်သည့် အကျိုးအမြတ် မျှော်ကိုးမှုမှ မထားဘဲ ဘောလုံးကို ချစ်သည့် စိတ်ဖြင့် နှစ်စဉ် ငွေကုန်ကြေးကျ များစွာခံကာ အသင်းများ တည်ထောင် ပံ့ပိုးပေးခဲ့ကြသည့် အသင်းပိုင်ရှင်အားလုံး ၏ ကျေးဇူးကြောင့်လည်း ယခုလို အောင်မြင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ရာသီက အောင်မြင်မှု အရှိန်ကို တည်တံ့စေရန်နှင့် ပိုမိုတိုးတက် အောင်မြင်မှုရရန် လာမည့် နှစ်များတွင်လည်း မိမိတို့အားလုံး ပိုမိုပူးပေါင်း ကြိုးစားသွားရန် သန္ဒိဌာန်ချထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိ အချိန်တွင် စီးပွားရေး အခက်အခဲကြောင့် ငွေကြေးသုံးစွဲနိုင်မှု အပါအဝင် အခြားသော စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း နိုင်ငံနှင့် ဘောလုံးကို ချစ်စိတ်ဖြင့် အားလုံးပူးပေါင်း ကြိုးစားလျှင် အောင်မြင်မှု ရနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လာမည့် ၂၀၂၀ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ၁ နှင့် ၂ မှ ကလပ်အသင်းများ မဖြစ်မနေ ဖွဲ့စည်းယှဉ်ပြိုင်ရမည့် အသင်းများအတွက် ကန့်သတ်ချက်များကို ရှင်းလင်းပြခဲ့သည်။ ယင်းနောက်တွင် ပြိုင်ပွဲများကို စတင်ကျင်းပမည့် ရက်များနှင့် ပြီးဆုံးမည့် ရက်များ၊ အပြောင်းအရွှေ့ကာလ သတ်မှတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆု ရှုံးထွက်ပြိုင်ပွဲ ကျင်းပမည့် ရက်၊ ရာသီကြို ကွင်းဖွင့်ဖလားပွဲ ဖြစ်သည့် ချာရတီဖလားပွဲ ကျင်းပသွားမည့် ရက်များကို ရှင်းလင်း ခဲ့သည်။ ထို့အပြင် ရာသီသစ်တွင် ကလပ်အသင်းများကို ကိုင်တွယ်သွားမည့် နည်းပြများ အတွက် လိုင်စင်သတ်မှတ်ချက်များကိုလည်း ရှင်းလင်းပြခြင်း၊ ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများ၌ ပြောင်းလဲထားသည့် အချက်များကို တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနောက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ မစ္စတာ အဲရစ်အဗရမ်က လာမည့် ရာသီတွင် ကျင်းပရန် လျာထားသည့် ယူ-၁၄/ ၁၆ လိဂ်ပြိုင်ပွဲ မူကြမ်းကို တက်ရောက်လာသည့် ကလပ်အသင်း အသီးသီးမှ တာဝန်ရှိသူများကို ရှင်းလင်း တင်ပြခဲ့သည်။ မစ္စတာ အဲရစ်က ထူးချွန်သည့် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာရန်မှာ လူငယ်အဆင့်တွင် ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရရန် လိုအပ်ကြောင်း၊ လက်ရှိ ကျင်းပပေးနေသည့် ပြိုင်ပွဲများမှာ နိုင်ငံလုံး အဆင့် လွှမ်းခြုံနိုင်သော်လည်း ပြိုင်ပွဲကာလ တိုတောင်းသောကြောင့် ပွဲအနည်းငယ်သာ ကစားရနိုင်ကြောင်း၊ လူငယ်အဆင့်တွင် လိဂ်ပြိုင်ပွဲကဲ့သို့ ကာလရှည် ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ရပ် ကျင်းပခြင်းဖြင့် လူငယ်များအတွက် ပွဲကစားခွင့် ပိုမိုရရှိနိုင်မည် ဖြစ်သည့် အတွက် လူငယ်များ၏ ခြေစွမ်းများ ပိုမိုကောင်းမွန်လာနိုင်သည့် အခွင့်အရေးကောင်း တစ်ရပ်ကို ဖန်တီးပေးနိုင်မည့် အပြင် သက်ဆိုင်ရာ ကလပ်အသင်းများ အတွက်လည်း မျိုးဆက်သစ်များ ရှာဖွေဖော်ထုတ်နိုင်ခြင်း၊ မိမိကလပ်အသင်း အတွက် အမာခံ ပရိသတ်များ ပိုမိုတိုးပွား လာနိုင်ခြင်း၊ ကလပ်အသင်း အတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ် ဘောလုံးသမားကောင်းများ မွေးထုတ်နိုင်ခြင်းကြောင့် ကလပ်အသင်း၏ ပုံရိပ်နှင့် ဝင်ငွေပါ တိုးတက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်  ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦးက လာမည့် ၂၀၂၀ ဘောလုံးရာသီအတွက် ရာသီကြိုကာလတွင် ဆေးစစ်မှု ပြုလုပ်မည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ယင်းကဲ့သို့ စစ်ဆေးမှု ပြုလုပ်ပြီးမှ ပြိုင်ပွဲဝင်သည့် အတွက် ကစားသမားများ၏ ကျန်းမာရေး အခြေအနေကို ရှင်းလင်းစွာ သိရှိနိုင်မည် ဖြစ်သည့် အတွက် မလိုလားအပ်သည့် ထိခိုက်ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက်တွင်မူ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ကလပ်အသင်း အသီးသီးမှ တာဝန်ရှိသူများက ပြန်လှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ လက်ရှိတွင် ၂၀၂၀ ဘောလုံးရာသီအတွက် ပွဲစဉ်ဇယားကို ထုတ်ပြန်နိုင်ခြင်း မရှိသေးရာ လာမည့် ရက်သတ္တပတ်များ အတွင်း အစည်းအဝေးများ ထပ်မံပြုလုပ်ကာ အတည်ပြုထုတ်ပြန်သွားမည် ဖြစ်သည်။

