ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ ကျောက်တိုင်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် မြောင်းမြ (က) အသင်းနှင့် မအူပင်(ခ) အသင်းတို့၏ ဧရာဝတီတိုင်း ဒေသကြီးအဆင့် MPT U-14 Football Tournament 2019 ပြိုင်ပွဲ တတိယလုပွဲတွင် မအူပင် (ခ) အသင်းက ၁-၃ ဂိုးဖြင့် အနိုင်ရရှိကာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုပွဲတွင် မြောင်းမြ(က) အသင်းက ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ပွဲချိန် ၁၅ မိနစ်တွင် ဟိန်းထက်အောင်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ပွဲချိန် ၂၃ မိနစ်တွင် မအူပင် (ခ) အသင်းအတွက် ဇေဖြိုးအောင်က ချေပဂိုး သွင်းယူပေးခဲ့ သောကြောင့် ပထမပိုင်း အပြီးတွင် သရေရလဒ် ထွက်ပေါ်နေခဲ့သည်။ ဒုတိယပိုင်း တွင် မအူပင်(ခ) အသင်းအတွက် အနိုင်ဂိုးများကို ထွန်းလင်းအောင်နှင့် ဇေဖြိုးအောင် တို့က ပွဲချိန် ၃၃ မိနစ်နှင့် ပွဲချိန် ၄၉ မိနစ်များတွင် သွင်းယူပေးခဲ့သောကြောင့် ပွဲအပြီးတွင် မအူပင်(ခ) အသင်းက (၁-၃) ဂိုးဖြင့် အနိုင်ရရှိကာ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ညနေ ၃း၃၀ နာရီတွင် ဧရာဝတီတိုင်း ဒေသကြီးအဆင့် MPT U-14 Football Tournament 2019 ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ကျင်းပသွားမည် ဖြစ်ပြီး ပုသိမ် (ဂ) အသင်းနှင့် ဟင်္သာတ (က) အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြပုံများနှင့် ဆုပေးပွဲ အစီအစဉ်များကို Myanmar National League Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည် ဖြစ်သည်။