News

အောက်မြန်မာပြည် ဇုန်အလိုက် MPT-University Football Tournament 2019 အမျိုးသား ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

By Ye Min Win

November 11, 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ အဆင့်မြင့်ပညာဦးစီးဌာန နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် MPT-University Football Tournament 2019 (ဇုန်အလိုက် အောက်မြန်မာပြည်) ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် နောက်ဆုံးအမျိုးသား ဗိုလ်လုပွဲစဉ်ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ဘောလုံးကွင်း(သထုံကွင်း) ၌ ကျင်းပခဲ့သည်။

ဦးစွာ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာ မော်လမြိုင်ဇုန် အသင်းနှင့် ပုသိမ်ဇုန် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပုသိမ်ဇုန် အသင်းက ၀-၃ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲသွားခဲ့သည်။ ပုသိမ်ဇုန် အသင်းအတွက် အနိုင်ဂိုးများကို ကောင်းခန့်အောင်က ၂ ဂိုး၊ ဇင်မင်းထက်က ၁ ဂိုး အသီးသီး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဦးစွာ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှ ဆုရရှိသည့် အသင်းများကို ဆုချီးမြှင့်မှုများ ပြုလုပ်ခဲ့သည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး ရှေ့တန်း ကစားသမားဆု ရရှိသည့် ဒဂုန်ဇုန် အသင်းမှ ဇင်ယော်ခင် ကို တက္ကသိုလ်များ ဘောလုံး ဆပ်ကော်မတီ ဥက္ကဌ ဒေါက်တာ သောင်းထိုက်မှ လည်းကောင်း၊ အကောင်းဆုံး အလယ်တန်ုးဆု ရရှိသည့် ဒဂုံဇုန် အသင်းမှ စိုးစိုးမြင့် ကို ဟင်္သာတ တက္ကသိုလ် ဒုတိယပါမောက္ခ ဒေါက်တာ မာလာမှ လည်းကောင်း၊ အကောင်းဆုံးနောက်တန်းဆု ရရှိသည့် ပုသိမ်ဇုန် အသင်းမှ နှင်းယုလွင်ကို မြန်မာစာအဖွဲ့၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း မှ လည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းမှ ခင်စန္ဒာစိုးကို ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်းမှ လည်းကောင်း၊ ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိသည့် ဒဂုံဇုန် အသင်းမှ သဇင်မြင့်ကို မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်၊  ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသည့် ဒဂုံဇုန် အသင်းမှ အိအိဖြူကို မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ လည်းကောင်း MPT မှ ချီးမြှင့်သည့် ဆုတံဆိပ်နှင့် ဆုကြေးငွေ (၃၀၀၀၀)ကျပ် စီကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက်တွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၌ တတိယဆု ရရှိသည့် ပုသိမ်ဇုန် အသင်းအတွက် တစ်ဦးချင်း ကြေးတံဆိပ်များကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်မှ လည်းကောင်း၊ ဆုငွေကျပ် ၃ သိန်းကို ရန်ကုန် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း၊ ဒုတိယကျောင်းအုပ် ဦးဗလကျော်သူမှ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဒုတိယဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းအတွက် တစ်ဦးခြင်း ငွေတံဆိပ်များကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ဥက္ကဌ အကြံပေး၊ တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်း ဥက္ကဌ ဦးဘန်နီတင်အောင်မှ လည်းကောင်း၊ ဆုကြေးငွေ ငါးသိန်းကျပ်ကို MPT JO မှ CCO Mr. Reijo Umeda မှ လည်းကောင်း၊ တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်းမှ ချီးမြှင့်သည့် ဆုငွေ တစ်သိန်းကျပ်ကို တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်း ဒုတိယ ဥက္ကဌ ဦးခင်မောင်မြင့် (ခ) ဦးဂျွန်ဆင်မှ လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် ချန်ပီယံဆု ရရှိခဲ့သည့် ဒဂုံဇုန် အမျိုးသမီး အသင်းကို ဆုတံဆိပ်၊ ဆုကြေးငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။ ချန်ပီယံဆု  ရရှိခဲ့သည့် ဒဂုံဇုန် အသင်းအတွက် တစ်ဦးချင်း ရွေတံဆိပ်ဆုများကို အဆင့်မြင့်ပညာ ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းဝင်းမှ လည်းကောင်း၊ တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်းမှ ချီးမြှင့်သည့် ဆုကြေးငွေ ၂ သိန်းကျပ်ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ဥက္ကဌ အကြံပေး၊ တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်း ဥက္ကဌ ဦးဘန်နီတင်အောင်မှ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ MPT မှ ချီးမြှင့်သည့် ချန်ပီယံ ဆုကြေးငွေ ၁၀ သိန်းကျပ်ကို ရန်ကုန် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ် ဦးဗလကျော်သူမှ ပေးအပ်ခဲ့သည်။

အဆိုပါ ဆုများ ချီးမြှင့်ခဲ့ပြီးနောက်တွင် မကြာမီ ဆက်လက်ကျင်းပသွားမည့် ဦးစီးအဆင့် MPT-University Football Tournament 2019 အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် အောက်မြန်မာပြည် ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်းများအတွက် အောင်နိုင်ရေး ထောက်ပံ့ငွေ ၅ သိန်းကျပ်ကို တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်းမှ ပေးအပ်ခဲ့ပြီး ယင်းအောင်နိုင်ရေး ထောက်ပံ့ငွေကို တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်း နာယက ဦးတင်အောင်မှ ပေးအပ်ချီးမြှင့် ခဲ့သည်။

ထို့နောက် အမျိုးသား ဘောလုံးပြိုင်ပွဲမှ ဆုရရှိသည့် အသင်းများကို ဆုချီးမြှင့်မှုများ ပြုလုပ်ခဲ့သည်။ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး ရှေ့တန်း ကစားသမားဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းမှ စောအောင်မျိုးထွန်း ကို မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ လည်းကောင်း၊ အကောင်းဆုံး အလယ်တန်ုးဆု ရရှိသည့် စစ်တွေဇုန် အသင်းမှ ကျော်ရဲဝင်း ကို MPT JO မှ COO Mr. Koichi Kasuya မှ လည်းကောင်း၊ အကောင်းဆုံးနောက်တန်းဆု ရရှိသည့် ပုသိမ်ဇုန် အသင်းမှ သူရရဲထက်ကို မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်မှ လည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆု ရရှိသည့် ပုသိမ်ဇုန် အသင်းမှ ကောင်းဆက်အောင်ကို ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာာ တင်မောင်ထွန်းမှ လည်းကောင်း၊ ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိသည့် ပုသိမ်ဇုန် အသင်းမှ ကောင်းခန့်အောင်ကို မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊  ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိသည့် ပုသိမ်ဇုန် အသင်းမှ ကောင်းသက်နိုင်ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်မှ လည်းကောင်း MPT မှ ချီးမြှင့်သည့် ဆုတံဆိပ်နှင့် ဆုကြေးငွေ (၃၀၀၀၀)ကျပ် စီကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက်တွင် အမျိုးသား ဘောလုံးပြိုင်ပွဲ၌ တတိယဆု ရရှိသည့် စစ်တွေဇုန် အသင်းအတွက် တစ်ဦးချင်း ကြေးတံဆိပ်များကို မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်မှ လည်းကောင်း၊ ဆုငွေကျပ် ၃ သိန်းကို မြန်မာစာအဖွဲ့၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းမှ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဒုတိယဆု ရရှိသည့် မော်လမြိုင်ဇုန် အသင်းအတွက် တစ်ဦးခြင်း ငွေတံဆိပ်များကို တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဒေါက်တာ သောင်းထိုက်မှ လည်းကောင်း၊ ဆုကြေးငွေ ငါးသိန်းကျပ်ကို MPT JO မှ COO Mr. Konichi Kasuya မှ လည်းကောင်း၊ တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်းမှ ချီးမြှင့်သည့် ဆုငွေ တစ်သိန်းကျပ်ကို တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်း ဒုတိယ ဥက္ကဌ ဦးခင်မောင်မြင့် (ခ) ဦးဂျွန်ဆင်မှ လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် ချန်ပီယံဆု ရရှိခဲ့သည့် ပုသိမ်ဇုန် အမျိုးသမီး အသင်းကို ဆုတံဆိပ်၊ ဆုကြေးငွေများ ဆက်လက် ပေးအပ်ချီးမြှင့် ခဲ့သည်။ ချန်ပီယံဆု  ရရှိခဲ့သည့် ပုသိမ်ဇုန် အသင်းအတွက် တစ်ဦးချင်း ရွေတံဆိပ်ဆုများကို MPT JO မှ CCO Mr. Reijo Umeda မှ လည်းကောင်း၊ တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်းမှ ချီးမြှင့်သည့် ဆုကြေးငွေ ၂ သိန်းကျပ်ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ဥက္ကဌ အကြံပေး၊ တက္ကသိုလ် ဘောလုံးသမားဟောင်းများ အသင်း ဥက္ကဌ ဦးဘန်နီတင်အောင်မှ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် MPT မှ ပေးအပ်သည့် ချန်ပီယံ ဆုကြေးငွေ ၁၀ သိန်းကျပ်ကို ဆက်လက် ချီးမြှင့်ခဲ့ပြီး ယင်းဆုငွေများကို အဆင့်မြင့်ပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းသန်းဝင်းက ပေးအပ်ခဲ့သည်။

ထို့နောက်တွင်မူ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သည့် ပုသိမ်ဇုန် အသင်းနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သည့် ဒဂုံဇုန် အသင်းတို့အား ချန်ပီယံ တံခွန်စိုက်ဆုဖလားများ ဆက်လက် ပေးအပ်ချီးမြှင့်ခဲ့သည်။ အောက်မြန်မာပြည် ဇုန်အလိုက် MPT-University Football Tournament 2019 အမျိုးသမီး ဘောလုံးပြိုင်ပွဲ ချန်ပီယံ ဒဂုံဇုန် အသင်းအတွက် ချန်ပီယံ ဆုဖလားကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့်က ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲ ချန်ပီယံ ပုသိမ်ဇုန် အသင်းအတွက် ချန်ပီယံ ဆုဖလားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ပေးအပ်ချီးမြှင့် ခဲ့သည်။

တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အထက်မြန်မာပြည် ဇုန်အဆင့်၊ အောက်မြန်မာပြည် ဇုန်အဆင့် ဘောလုံးပြိုင်ပွဲများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ အဆင့်မြင့်ပညာဦးစီးဌာန နှင့် MPT တို့ ပူးပေါင်းကျင်းပပေးနေခြင်း ဖြစ်ပြီး ယင်းပြိုင်ပွဲ နှစ်ရပ်အပြင် အထက်မြန်မာပြည်မှ အကောင်းဆုံး အသင်း ၂ သင်းနှင့် အောက်မြန်မာပြည်မှ အကောင်းဆုံး အသင်း ၂ သင်းတို့ ထိပ်တိုက် တွေ့ဆုံယှဉ်ပြိုင်ရမည့် ဦးစီးအဆင့် ပြိုင်ပွဲကိုလည်း လာမည့် ရက်များအတွင်း မန္တလေးမြို့တွင် ဆက်လက် ကျင်းပပေးသွားမည် ဖြစ်သည်။