MNL I

၂၀၂၀ ဘောလုံးရာသီအတွက် ပွဲစဥ် ဇယား ရေးဆွဲခြင်း အပါအဝင် အထွေထွေ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

By Ye Min Win

December 13, 2019

၂၀၂၀ ခုနှစ်အတွင်း ကျင်းပပြုလုပ်သွားမည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲအပါအဝင် လိဂ်−၂ ပြိုင်ပွဲ၊ ယူ−၂၁၊ ယူ−၁၉ လူငယ်လိဂ် ပြိုင်ပွဲများ အတွက် အကြိုညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယနေ့ မွန်းလွဲ ၃း၃၀ နာရီက ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ယင်းအစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဌ ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွင်းရုံဌာန ဒါရိုက်တာ ဦးကျော်လင်းထွေး၊ မြန်မာနေရှင်နယ်လိဂ် လုံခြုံရေးနှင့် ပြိုင်ပွဲကျင်းပရေးဌာန ဒါရိုက်တာ ဦးအောင်သူမြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးဌာန ဒါရိုက်တာ ဦးရဲဝင်းထွန်း၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ၁ နှင့် ၂ တို့ရှိ ကလပ်အသင်းအသီးသီးမှ အမှုဆောင်အရာရှိချုပ်များ၊ အထွေထွေမန်နေဂျာများ၊ နည်းပြချုပ်များနှင့် အခြားတာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်၏ အဓိက မိတ်ဖက် MPT မှ တာဝန်ရှိသူများ၊ Host Broadcaster MY SPORTS မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာစကား ပြောကြားပြီးနောက် လာမည့်ရာသီတွင် ကျင်းပပြုလုပ်သွားမည့် ပြိုင်ပွဲများကို ပြန်လည်ရှင်းလင်း ပြောကြားခြင်း၊ ရာသီသစ်အတွက် ပွဲစဥ် ဇယားများကို ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ တင်ပြရှင်းလင်းရာတွင် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသွားမည် ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်−၁၊ မြန်မာနေရှင်နယ်လိဂ်−၂၊ ယူ−၂၁၊ ယူ−၁၉ စသည့် ပြိုင်ပွဲများ၏ ပွဲစဥ်  ဇယား မူကြမ်းကို အသေးစိတ် ပြသရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး ကလပ်အသင်း အသီးသီးမှ တာဝန်ရှိသူများမှ ပြန်လှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ယင်းနောက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာ အောင်ကျော်ဦးက ရာသီကြိုကာလတွင် ကစားသမားများ မှတ်ပုံတင်ရာ၌ လိုအပ်ချက် တစ်ရပ်ဖြစ်သည့် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်သွားမည့် ကိစ္စရပ် အသေးစိတ်ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးထွန်းလှအောင်က ၂၀၂၀ ဘောလုံးရာသီအတွက် ဒိုင်လုပ်ငန်းဌာနမှ ကြိုတင်ပြင်ဆင်မှုများ၊ သင်တန်းဖွင့်လှစ်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးမှုအပြီးတွင် ကလပ်အသင်းများ၏ အထွေထွေဆွေးနွေးမှုကို ဆက်လက် ပြုလုပ်ခဲ့ပြီး ကလပ်အသင်း တာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ပွဲစဥ်  ဇယား အပါအဝင် လိဂ်−၂၊ ယူ−၂၁၊ ယူ−၁၉ ပြိုင်ပွဲများ၏ ပွဲစဥ်  ဇယားများကို မကြာမီ ကာလအတွင်း ထုတ်ပြန်သွားမည် ဖြစ်ပြီး လိဂ်−၁ ပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်ကျင်းပကာ စက်တင်ဘာ ၂၇ ရက်တွင် အဆုံးသတ်ရန် စီစဥ်  ထားသည်။