MFF Charity Cup

ရာသီကြို လူမှုရေး ရန်ပုံငွေဖလားပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရရှိ

By Ye Min Win

January 05, 2020

ပရဟိတအဖွဲ့အစည်းများသို့ ကျပ်သိန်း ၁၅၀ လှူဒါန်း

ရာသီသစ်အကြို MFF Charity Cup 2020 လူမှုရေး ရန်ပုံငွေဖလား (ကွင်းဖွင့်ဖလား) ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက Y.U.S.C ကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ယူကာ နှစ်သစ်ကို အောင်ပွဲဖြင့် စတင်နိုင်ခဲ့သည်။

အမှတ်ပေးချန်ပီယံနှင့် ရှုံးထွက်ချန်ပီယံအသင်းတို့၏ အားပြိုင်မှု ပွဲစဉ်တွင် ရှမ်းအသင်းအတွက် ဂိုးများကို ဒုတိယပိုင်း ၅၇၊ ၇၄ မိနစ်များတွင် ကိသ်နှင့် ရဲမင်းသူတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန် ၇၇ မိနစ်တွင် လူစားဝင် ကစားသမား ရန်ပိုင်စိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက် အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယ သွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အသင်းဖော်များနှင့် အောင်ပွဲခံနေသည့် ရှမ်းယူနိုက်တက် လူငယ် နောက်ခံလူ ရဲမင်းသူ (ကျောနံပါတ် ၃)

MFF Charity Cup 2020 ပွဲစဉ်သို့ မြန်မာနိုင်ငံ အိုလံပစ် ​ကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဦးခွန်နောင်မြင့်ဝေ၊ စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဦးချစ်မျိုးထိုက်(မင်းသားဖိုးချစ်)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊MPT Joint Operation မှ Marketing Director ဦးခင်မောင်မြင့်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ အသင်းပိုင်ရှင်များ၊ အသင်းဥက္ကဋ္ဌများ၊ ဘောလုံးသမားများ၊ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှ ဘောလုံးပရိသတ်များနှင့် သတင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

ယနေ့ပွဲစဉ်သို့ ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ပြီး ရရှိလာသည့် ကွင်းဝင်ကြေးများနှင့်အတူ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း ၁၅၀ ရရှိခဲ့သည်။ထို့နောက် ဆုဖလားချီးမြှင့်ခြင်းနှင့် လူမှုရေးအဖွဲ့အစည်း (၅) ခုအတွက် အလှူငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုက်ဝိုင်းလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းအတွက် ကျပ်သိန်း ၃၀၊ M & Y Edu Trust အတွက် ကျပ်သိန်း ၃၀၊ အာစိဏ္ဏသီရိပရဟိတကျောင်းတိုက်အတွက် ကျပ်သိန်း ၃၀၊ Candle Volunteer ပရဟိတလူငယ်များအသင်း၊ အနုပညာသစ်ပြတိုက်ဖောင်ဒေးရှင်း နယ်လှည့်ကုသိုလ်ပြု ဆေးကုသရေးနှလုံးလှ ဆရာဝန်များအဖွဲ့အတွက် ကျပ်သိန်း ၃၀၊ စုစုပေါင်း ကျပ်သိန်း ၁၅၀ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဦးခွန်နောင်မြင့်ဝေ၊ စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဦးချစ်မျိုးထိုက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းဒုတိယဥက္ကဋ္ဌ ဦးမင်းဆွေဦးတို့က အသီးသီး လှူဒါန်းပေးအပ်ခဲ့သည်။

ဆက်လက်၍ MFF Charity Cup 2020 ဆုဖလားပိုင်ရှင် ရှမ်းယူနိုက်တက်အသင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ယနေ့တွင် မြန်မာနေရှင်နယ်လိဂ် ထိပ်သီးနှစ်သင်း၏ ရာသီကြို အားပြိုင်မှု ပွဲစဉ်မတိုင်မီ မွန်းလွဲ ၂ နာရီမှ စတင်ပြီး Art Robots Music Band နှင့် R ဇာနည်၊ ဖြိုးကြီး၊ ဟဲလေး၊ လွှမ်းပိုင်၊ စသည့် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှု တင်ဆက်မှုများအပြင် ပွဲစဉ် ပထမပိုင်းအပြီး ကံစမ်းမဲများ မဲနှိုက်ရွေးချယ်ခြင်းနှင့် အနုပညာရှင်များမှ မဲဖောက်ပေးခဲ့ပါသည်။

ထို့သို့ MFF Charity Cup ပွဲစဉ် မတိုင်မီ Art Robots Band နှင့် နိုင်ငံကျော်အနုပညာရှင်များ၏ ကိုယ်ကျိုးမဖက် ပရဟိတစိတ်ဖြင့် ယမန်နှစ်က နည်းတူ လာရောက်တီးခတ် သီဆိုဖျော်ဖြေပေးမှုများ၊ အားတက်သရော ကွင်းအတွင်း လာရောက်အာပေးခဲ့သော ပရိသတ်များ၊ စပွန်ဆာကုမ္ပဏီများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ လှိုက်လှိုက်လှဲလှဲ အထူး ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

ယနေ့ပွဲတွင် ရရှိခဲ့သည့် ကွင်းဝင်ကြေးများ၊ အလှူရှင်များနှင့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ၏ စုပေါင်းလှူဒါန်းမှုဖြင့် နှစ်သစ်အလှူတစ်ခုအဖြစ် လူမှုရေးအဖွဲ့အစည်းများသို့ အလှူငွေကျပ်သိန်း ၁၅၀ ကို ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။