MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်ရရှိထားသည့် ISPE အသင်းသည် ပွဲဦးထွက်တွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းနှင့် ကစားရ မည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့်ကစားရမည့် ပွဲစဉ်ကိုကွင်းဝင်ကြေး အခမဲ့အဖြစ် သတ်မှတ်ထားသည်။
ဇန်နဝါရီ ၁၀ ရက်(မနက်ဖြန်)တွင် ကစားမည့် ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပြိုင်ပွဲအကြို Manager Meeting အစည်းအဝေးကို ဇန်နဝါရီ ၉ ရက်(ယနေ့) နံနက်က မန္တလာသီရိ ကွင်းအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ISPE အသင်းသည် ပြီးခဲ့သည့် MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယရခဲ့သည့်အတွက် လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်လာခဲ့ခြင်းဖြစ်သည်။ ISPE အသင်းသည် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် မန္တလာသီရိကွင်းကို အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အသင်းအား ပရိသတ်များ ပိုမိုအားပေးနိုင်စေရန် ရည်ရွယ်၍ ရှမ်းယူနိုက် တက်အသင်းနှင့် ပွဲဦးထွက်ပွဲကို ဝင်ကြေးအခမဲ့ အဖြစ်သတ်မှတ် ခဲ့ခြင်းဖြစ်သည်။
MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲဦးထွက်ပွဲအဖြစ် ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည် လာမည့် ဇန်နဝါရီ ၁၀ ရက်၊ ညနေ သုံးနာရီခွဲ၊ မန္တလေးမြို့၊ မန္တလာသီရိကွင်းတွင် ကစားကြမည်ဖြစ် သည်။