ဝင်းနိုင်စိုး၊ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အဖွင့်ပွဲမှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တဲ့ ရတနာပုံ

January 11, 2020

ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဇွဲကပင်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်မှာ ရတနာပုံ အသင်းက ဇွဲကပင် ယူနိုက်တက် အသင်းကို ပွဲချိန် ၂၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဝင်းနိုင်စိုးရဲ့ ပင်နယ်တီဂိုး၊ ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ မျိုးကိုထွန်းရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရရှိပြီး အဖွင့်ပွဲစဉ်မှာ အနိုင် (၃)မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဇွဲကပင် အသင်း နည်းပြချုပ် ဦးကျော်သူအောင်မြင့်ထွန်းက သူ့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ပြီး အရင်နှစ်က အမာခံ ကစားသမားတွေ ဖြစ်တဲ့ ကျော်ဖြိုးဝေ၊ သက်ပိုင်ထွေး၊ အောင်ဇင်ဖြိုး၊ ဇင်ဖြိုးအောင် တို့ကို နိုင်ငံခြား ကစားသမားတွေ ဖြစ်တဲ့ အီမာဆင်၊ အန်ဒါဆင်ဝက်စ်၊ ယာဆင်တို့နဲ့ တွဲဖက် ပွဲထုတ်ကာ ရတနာပုံ အသင်းကို ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံမှာလည်း နိုင်ငံခြား ကစားသမားတွေ မပါဝင်ဘူး ဆိုပေမယ့် လက်ရွေးစင် အဆင့် နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ အောင်သူ၊ စည်သူအောင်၊ လှိုင်းဘိုဘို၊ ဝင်းနိုင်စိုး၊ မျိုးကိုထွန်း တို့ကို လူငယ် လက်ရွေးစင်တွေ ဖြစ်တဲ့ ရဲရင့်အောင်၊ အောင်ဝဏ္ဏစိုး တို့နဲ့ တွဲဖက်ပေးပြီး ဇွဲကပင်ကို ရင်ဆိုင်လာခဲ့ပါတယ်။

ပွဲအစပိုင်းမှာ နှစ်သင်းစလုံး အထိုင်ကျဖို့ ရုန်းကန်နေရပြီး ပွဲချိန်ကြာလာတာနဲ့ အမျှ ရတနာပုံက ပိုမိုထိုးဖောက်လာနိုင် ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၂၃ မိနစ် အရောက်မှာ ရတနာပုံ တိုက်စစ်ကစားသမား ဘီဘီကို ဇွဲကပင် ခံစစ်ပိုင်း တားဆီးပုံ ကြမ်းတမ်းတာကနေ ပင်နယ်တီ ပေးခဲ့ရပြီး အဲဒီ ပင်နယ်တီကို ပြီးခဲ့တဲ့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းဘုရင် ဝင်းနိုင်စိုးက အမှားအယွင်းမရှိ ကန်သွင်းကာ ရတနာပုံအတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပွဲချိန် အများစုကို ရတနာပုံကသာ အသာစီး ရယူထားနိုင်ခဲ့ပြီး ဇွဲကပင်ကတော့ တစ်ချက် တစ်ချက်မှသာ ပြန်လည် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးရသွားတာကတော့ ရတနာပုံပဲ ဖြစ်ပြီး မျိုးကိုထွန်းက ဧရိယာ အစပ်နားကနေ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာလည်း အပြန်အလှန် ထိုးဖောက် ဂိုးသွင်းဖို့ ကြိုးစားခဲ့ကြပြီး အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ကြခြင်း မရှိတာကြောင့် ပွဲအပြီးမှာတော့ ရတနာပုံ အသင်းကပဲ အနိုင်ရရှိသွားခဲ့ပါတယ်။