MPT Myanmar National League 2020 ပွဲစဉ်(၁) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဆောက်သမ်းမြန်မာအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ပွဲစဉ်ကို ယနေ့ညနေက မော်လမြိုင်မြို့ ဆောက်သမ်းမြန်မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင်အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ ပွဲချိန် ၁၄ မိနစ်တွင် စစ်ကိုင်းအသင်းမှသီဟဇော်ဖြတ်တင်ဘောကိုကျောနံပါတ်(၈)ကျော်စွာမင်း အပိုင်ခေါင်းတိုက်သွင်းသော်လည်း တိုင်ထိသွားခဲ့သဖြင့် ဦးဆောင်ဂိုးနှင့်လွဲချော်ခဲ့ရသည်။ ဆောက်သမ်းအသင်းအတွက်ဦးဆောင်ဂိုးကို နံပါတ်(၂၀)အောင်မြတ်သူ က ၂၂မိနစ်တွင်သွင်းယူနိုင်ခဲ့သည်။စစ်ကိုင်းအသင်းအတွက် ချေပဂိုးကို ၄၂ မိနစ်တွင် နံပါတ်(၈)ကျော်စွာမင်းက ဖရီးကစ်မှ တိုက်ရိုက်သွင်းယူနိုင်ခဲ့ပြီးဒုတိယဂိုးကို နံပါတ်(၁၁)မျိုးမင်းဖြိုးက ၄၃မိနစ်တွင်ထပ်မံသွင်းယူနိုင်ခဲ့သည်။
ဒုတိယပိုင်း ၅၃မိနစ်တွင် ဆောက်သမ်းအသင်းအတွက်ချေပဂိုးကို နံပါတ်(၁၀)ကောင်းစည်သူ ကသွင်းယူနိုင်ခဲ့သဖြင့်ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာခဲ့သည်။ပွဲချိန် ၆၉ မိနစ် တွင် စစ်ကိုင်းအသင်းအတွက်အနိုင်ဂိုးကို နံပါတ်(၈)ကျော်စွာမင်းက ထပ်မံသွင်းယူနိုင်ခဲ့သဖြင့်ဆောက်သမ်းအသင်းအရှုံးနှင့်သာရင်ဆိုင်ခဲ့ရသည်။ယနေ့ပွဲသည်စစ်ကိုင်းအသင်းအတွက်သမိုင်းတလျောက်ဆောက်သမ်းမြန်မာအိမ်ကွင်းတွင်ပထမဆုံးအနိုင်ရရှိခဲ့သောပွဲဖြစ်သည်။
ဆောက်သမ်းမြန်မာအသင်းသည် လာမည့် ဇန်နဝါရီလ ၁၈ရက်နေ့တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းသည်လည်း လာမည့် ဇန်နဝါရီလ ၁၈ရက်နေ့တွင် ရတနာပုံအသင်းနှင့် မန္တလာသီရိကွင်းတွင် အသီးသီးယှဉ်ပြိုင်သွားရမည်ဖြစ်သည်။