သုဝဏ္ဏကွင်း၏ မြက်ခင်းပြင် အသားကျရန် လိုအပ်သည့် အတွက် MPT MNL 2020 ပွဲစဉ် ၂ နှင့် ၃ မှ ပွဲအချို့ကို ရွှေ့ပြောင်း ကျင်းပမည်

January 14, 2020

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များနှင့် မြန်မာ့လက်ရွေးစင် အသင်း၏ ပွဲစဉ်များကို လက်ခံကျင်းပလျှက် ရှိသည့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းကြီး၏ မြက်ခင်းပြင်အား ပြီးခဲ့သည့် ၂၀၁၉ နိုဝင်ဘာလ ဒုတိယပတ် ကတည်းက အသစ်ခင်း ပြုပြင်မှုများ ပြုလုပ်ခဲ့ရာ ပြီးစီးနေပြီ ဖြစ်သော်လည်း မြက်ခင်းပြင် ပိုမိုအသားကျ စေရန် အတွက် အချိန်ပေးရန် လိုအပ်သောကြောင့် အဆိုပါ ကွင်းတွင် ကျင်းပရန် စီစဉ်ထားသည့် MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ်များ အနက်မှ ပွဲစဉ် ၂ မှ ပွဲ ၂ ပွဲနှင့် ပွဲစဉ် ၃ မှ ပွဲ ၁ ပွဲတို့ကို ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့က MPT မြန်မာနေရှင်နယ်လိဂ် ၂၀၁၉ ပွဲစဉ် ၁ ၏ ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဇွဲကပင် ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့၏ ပွဲစဉ်ကို သုဝဏ္ဏကွင်း၌ ကျင်းပခဲ့ပြီး ယင်းပွဲစဉ်တွင် မြက်ခင်းပြင် အသားမကျမှုနှင့် နှစ်သင်းစလုံး ရင်ဆိုင်ခဲ့ကြရ သောကြောင့် ယခုကဲ့သို့ ပွဲအချို့ကို ပြောင်းရွှေ့ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ် ၂ ပွဲစဉ်များအနက်မှ ချင်းယူနိုက်တက်နှင့် မကွေး အသင်းတို့၏ ပွဲစဉ်၊ ဇွဲကပင် ယူနိုက်တက် အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်များ၊ ပွဲစဉ် ၃ မှ ဇွဲကပင် ယူနိုက်တက် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်များကို ပြောင်းရွှေ့ကျင်းပသွားရမည် ဖြစ်ရာ ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ အသင်းများမှ တာဝန်ရှိသူများ အပါအဝင် မြန်မာနေရှင်နယ်လိဂ်မှ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ ကွင်းရုံဒါရိုက်တာ ဦးကျော်လင်းထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည့် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို မြန်မာနေရှင်နယ်လိဂ် ရုံးခန်းတည်ရှိရာ သုဝဏ္ဏကွင်း ပထမထပ်ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကလပ်အသင်း တာဝန်ရှိသူများနှင့် မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများ အသေးစိတ် ဆွေးနွေး ညှိနှိုင်း ခဲ့ကြပြီးနောက် အထက်ပါ ပွဲစဉ်များကို ယခုကဲ့သို့ ပြောင်းရွှေ့ကျင်းပရန် သဘောတူညီ ခဲ့ကြသည်။

− ပွဲစဉ် ၂ မှ ချင်းယူနိုက်တက်−မကွေး ပွဲစဉ်ကို သုဝဏ္ဏကွင်းမှ YUSC ကွင်းသို့ ပြောင်းရွှေ့ကျင်းပရန်။
− ပွဲစဉ် ၂ မှ ဇွဲကပင် ယူနိုက်တက်−ရန်ကုန် ယူနိုက်တက် ပွဲစဉ်အစား ရန်ကုန်ယူနိုက်တက်−ဇွဲကပင် ယူနိုက်တက် အဖြစ် ပြောင်းလဲပြီး YUSC ကွင်း၌ ပြောင်းရွှေ့ကျင်းပရန်။
− ယင်းသို့ ပြောင်းလဲလိုက်ခြင်းကြောင့် ဒုတိယအကျော့တွင် ပွဲစဉ် ၁၇ မှ ရန်ကုန်ယူနိုက်တက်−ဇွဲကပင် ယူနိုက်တက် ပွဲစဉ်အစား ဇွဲကပင် ယူနိုက်တက်−ရန်ကုန် ယူနိုက်တက် ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ပြန်လည် ကျင်းပရန်။
− ပွဲစဉ် ၃ မှ သုဝဏ္ဏကွင်း၌ ကျင်းပရန် စီစဉ်ထားသည့် ဇွဲကပင် ယူနိုက်တက်−ဧရာဝတီ ယူနိုက်တက် ပွဲစဉ်အစား ဧရာဝတီ ယူနိုက်တက်−ဇွဲကပင် ယူနိုက်တက် အဖြစ် ပြောင်းလဲပြီး ပုသိမ်ကွင်း၌ ပြောင်းရွှေ့ကျင်းပရန်။
− ပုသိမ်မြို့တွင် ပြောင်းရွှေ့ကျင်းပမည် ဖြစ်သောကြောင့် အိမ်ရှင်အသင်း ပရိသတ်များ လာရောက် အားပေးနိုင်စေရန် အတွက် ဇန်နဝါရီ ၂၄ ရက် (သောကြာ)မှ ဇန်နဝါရီ ၂၆ ရက် (တနင်္ဂနွေ)သို့ ပြောင်းရွှေ့ကျင်းပရန်။
− ယင်းသို့ ပြောင်းလဲလိုက်သည့် အတွက် ဒုတိယအကျော့ ပွဲစဉ် ၁၉ မှ ဧရာဝတီ ယူနိုက်တက်−ဇွဲကပင် ယူနိုက်တက် ပွဲစဉ်အစား ဇွဲကပင် ယူနိုက်တက် − ဧရာဝတီ ယူနိုက်တက် ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်းသို့ ပြန်လည်ပြောင်းရွှေ့ ကျင်းပရန်။