MPT Myanmar National League 2020 ပွဲစဉ် (၁) အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ဧရာဝတီယူနိုက်တက်အသင်းနှင့် မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်မှ အပြုအမူများအတွက် နည်းပြ ဦးမျိုးလှိုင်ဝင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အနီးစပ်ဆုံး (၅) ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေကျပ် ၈ သိန်း ချမှတ်ခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှာ အဆိုပါ ပွဲချိန်အတွင်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အကြိမ်ကြိမ်စောဒက တက်သဖြင့် ဒိုင်လူကြီးမှ ပထမအကြိမ်သတိပေးမှု ပြုလုပ်ခဲ့သည်။ ထို့နောက် ပထမပိုင်းအပြီး ဒိုင်လူကြီးများ ကွင်းအတွင်းမှ ထွက်လာသည့်အချိန်တွင် ထပ်မံစောဒကတက်သဖြင့် ဒိုင်လူကြီးမှ အဝါကဒ်ပြ သတိပေးမှုပြုလုပ်ခဲ့သည်။
ထို့အတူ ဒုတိယပိုင်း ပွဲကစားချိန်အပြီး ဒိုင်လူကြီးများ ကွင်းအတွင်းမှ ထွက်လာသည့်အချိန်တွင် ရုန့်ရင်းကြမ်းတမ်းသော စကားဖြင့် ဒိုင်လူကြီးအနီးတွင် အော်ဟစ်ဆဲဆိုနေမှုကြောင့် ပြိုင်ပွဲတာဝန်ရှိသူများနှင့် အသင်းတာဝန်ရှိသူများမှ ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရပါသည်။
၎င်း၏ အပြုအမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ယနေ့ နေ့လည်ပိုင်းက အစည်းအဝေး ပြုလုပ်ကာ ပွဲစဉ်တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်းနှင့် ရုပ်သံမှတ်တမ်းများကို ပြန်လည်ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီးနောက် MPT Myanmar National League 2020 I & II Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၀) အရ ယင်းကဲ့သို့ အရေးယူမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၁ ရက်က ပုသိမ်မြို့၊ ကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သော ထိုပွဲစဉ်သည် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။