မကွေးအသင်းကို အနိုင်ကစားကာ နိုင်ပွဲ စတင်ရယူနိုင်ခဲ့သည့် ချင်းယူနိုက်တက်

January 17, 2020

ယနေ့ ညနေပိုင်းက YUSC ကွင်း၌ ကျင်းပခဲ့သည့် ချင်းယူနိုက်တက် အသင်းနှင့် မကွေး အသင်းတို့၏ MPT Myanmar National League 2020 ပွဲစဉ် ၂ ပွဲစဉ်တွင် ချင်းယူနိုက်တက် အသင်းက မကွေးအသင်းကို (၂−၀) ဂိုးဖြင့် အနိုင်ကစားကာ ယခုဘောလုံးရာသီအတွက် နိုင်ပွဲ စတင် ရယူနိုင်ခဲ့သည်။

အဖွင့်ပွဲတွင် နိုင်ပွဲပျောက်ဆုံးထားခဲ့သည့် အသင်းများ ပီပီ ယခုပွဲတွင် နှစ်သင်းစလုံး အနိုင်ရရှိရေး အတွက် အားထည့် ကစားခဲ့သောကြောင့် ပွဲက အကြိတ်အနယ် ရှိခဲ့ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ နှစ်သင်းစလုံး အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်နိုင်ရန် ကြိုးပမ်းခဲ့ကြ သော်လည်း အလွယ်တကူ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ကြဘဲ ပထမပိုင်း ပွဲချိန်တစ်လျှောက် ဂိုးရရန် ရုန်းကန်ခဲ့ကြရသည်။ သို့သော် ပထမပိုင်း ပွဲချိန် ၄၅ မိနစ် ပြည့်ပြီးနောက် ထပ်ဆောင်းအချိန်ပို ၃ မိနစ်၏ နောက်ဆုံးမိနစ်တွင် ချင်းယူနိုက်တက် အသင်းက ဦးဆောင်ဂိုး ရယူနိုင်ခဲ့သည်။ ယင်းဂိုးကို ချင်းယူနိုက်တက် အသင်း ကွင်းလယ်လူ အာကာကာပိုက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်း ရယူပေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်း၏ ပွဲချိန် အများစုတွင် မကွေးအသင်းက အသာစီးရယူ ကစားနိုင်ခဲ့ပြီး ချေပဂိုး သွင်းယူနိုင်ရေး အတွက် ဖိကစားခဲ့သည်။ သို့သော် အမှန်တကယ် ဂိုးရသွားခဲ့သည့် အသင်းမှာ ချင်းယူနိုက်တက် အသင်း ဖြစ်ခဲ့ပြီး မကွေးအသင်း တစ်ဘက်သတ် ဖိကစားနေသည်ကို အခွင့်ကောင်းယူကာ တန်ပြန်တိုက်စစ်မှ တဆင့် ညာတောင်ပံ တိုက်စစ် ကစားသမား ကျော်မင်းသန်းက ပွဲချိန် ၈၉ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ လက်ကျန် မိနစ် အနည်းငယ်တွင် မကွေး အသင်းက ချေပဂိုးများ ရရှိရေးအတွက် ဆက်လက် ကြိုးစားခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိ ေသာကြောင့်ပွဲအပြီးတွင် ချင်းယူနိုက်တက် အသင်းက မကွေး အသင်းကို (၂−၀) ဂိုးဖြင့် အနိုင်ရကာ ယခုရာသီအတွက် ပထမဆုံး နိုင်ပွဲကို စတင် ရယူနိုင်ခဲ့သည်။