MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃း၃၀ အချိန် ဧရာဝတီယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်တဲ့ ပုသိမ်မြို့ကျောက်တိုင်ကွင်းကြီးထဲ ယှဥ်ပြိုင်ကစားရာ ဧရာဝတီယူနိုက်တက် အသင်းမှ ၂ – ၁ ဂိုးဖြင့် ISPEအသင်းကိုအနိုင်ရရှိသွားခဲ့သည်
အဖွင့်ပွဲစဉ်တွင် သရေရလဒ်သာ ထွက်ပေါ်ခဲ့သည့် အတွက် ယခုပွဲ အနိုင်ရရှိမှုမှာ ဧရာဝတီ ယူနိုက်တက် အသင်းအတွက် ယခုရာသီ ပထမဆုံး နိုင်ပွဲရရှိမှုလည်း ဖြစ်ခဲ့သည်။ ဧရာဝတီ ယူနိုက်တက် အသင်းအနေဖြင့် ယခုပွဲတွင် အနိုင်သုံးမှတ် ရယူနိုင်ရန် အတွက် အဓိက ကစားသမားများ ဖြစ်ကြသည့် တင်ဝင်းအောင်၊ သန်းထက်အောင်၊ ကျော်ဇင်လွင်၊ ဝင်းနိုင်ထွန်း၊ သန်းထက်အောင် အစရှိသည့် ကစားသမားများကို ဆာဆက်စ်၊ မိုက်ကယ်၊ ဗစ်တာ အစရှိသည့် နိုင်ငံြခား ကစားသမားများနှင့် တွဲဖက်ပြီး ပွဲထုတ်ခဲ့ြခင်း ဖြစ်သည်။ ISPE အသင်းကလည်း ၎င်းတို့၏ အတောင့်တင်းဆုံး လူစာရင်းနှင့် အိမ်ရှင်ဧရာဝတီ ယူနိုက်တက် အသင်းကို ရင်ဆိုင်ခဲ့သည်။
ပွဲချိန် ပထမပိုင်းတွင် အိမ်ရှင် ဧရာဝတီ ယူနိုက်တက် အသင်းအနေဖြင့် ISPE အသင်း၏ ရုန်းအားကြောင့် အခက်တွေ့ခဲ့ရပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရသည်။ သို့သော် ဒုတိယပိုင်း ပြန်လည် စတင်ပြီးပြီးချင်းမှာပင် ရာဖေးလ်ဆာဆက်စ်မှ ISPE အသင်း အထနှေးမှုကို အခွင့်ကောင်းယူကာ ဦးဆောင်ဂိုး သွင်းယူပေးနိုင် ခဲ့သောကြောင့် ဧရာဝတီတို့ ပွဲကို စိုးမိုးနိုင်ခဲ့သည်။ သို့သော် ပွဲချိန် ၆၁ မိနစ်တွင် ဇော်မွန်းအောင်က ISPE အတွက် ချေပဂိုး သွင်းယူပေးခဲ့သောကြောင့် လက်ကျန်မိနစ်များတွင် အထူးပင် အကြိတ်အနယ် ရှိခဲ့ပြီး ပွဲချိန် ၈၆ မိနစ် အရောက်တွင်မှ ဆာဆက်စ်က အဖိုးတန် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ သောကြောင့် ဧရာဝတီ ယူနိုက်တက် အနေဖြင့် ယခုရာသီအတွက် ပထမဆုံး အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။