ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားသွားမည်ဟု ရတနာပုံအသင်း နည်းပြချုပ် ပြောကြား

January 25, 2020

လာမည့် ဇန်နဝါရီ ၂၆ ရက် ညနေ ၃း၃၀ အချိန်တွင် ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၃ အဖြစ် အစဉ်အလာပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သော်လည်း ရတနာပုံအသင်း အနေဖြင့် ရန်ကုန်နှင့် ပွဲစဉ် တစ်ပွဲတည်းကိုသာ အထူးတလည် အားထုတ် ယှဉ်ပြိုင်မည် မဟုတ်ဘဲ ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားအားထုတ်သွားမည်သာ ဖြစ်ကြောင်း ရတနာပုံအသင်း နည်းပြချုပ် ဦးအောင်ကျော်မိုးက ဖွင့်ဟပြောကြားခဲ့သည်။

“ကျွန်တော်တို့ အသင်း အနေနဲ့ ပွဲတိုင်းကို ရှိသမျှ အစွမ်းကုန် သုံးပြီး အကောင်းဆုံး ကြိုးစားအားထုတ် ယှဉ်ပြိုင်လေ့ ရှိပါတယ်။ ခုလာမယ့် ရန်ကုန်နဲ့ ပွဲကိုလည်း အကောင်းဆုံး ကြိုးစားအားထုတ် ယှဉ်ပြိုင်သွားမှာပါ။ တစ်ပွဲချင်း သေချာလေ့လာ ပြင်ဆင်မှု ပြုလုပ်သွားမှာပါ”ဟု ရတနာပုံအသင်း နည်းပြချုပ် ဦးအောင်ကျော်မိုးက ရန်ကုန်နှင့် ယှဉ်ပြိုင်ရမည့် မြန်မာဒါဘီပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ဦးအောင်ကျော်မိုးက ဘောလုံးအားကစား ဖြစ်သည့် အတွက် ရလဒ်ကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်ကြောင်းလည်း ထပ်လောင်းဆိုခဲ့သည်။ ရတနာပုံ အသင်းသည် ယခုနှစ် ဘောလုံးရာသီကို နိုင်ငံခြား ကစားသမား ခေါ်ယူခြင်း မရှိဘဲ ပြည်တွင်း ကစားသမားများကိုသာ အားပြုကာ ဝင်ရောက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဘောလုံးရာသီ ၂ ရာသီဆက် ထိုင်းလိဂ်သို့ သွားရောက် ကစားခဲ့သည့် အောင်သူ ပြန်လည် ရောက်ရှိလာခြင်း အပြင် စည်သူအောင်၊ ဝင်းနိုင်စိုး၊ လှိုင်းဘိုဘို၊ အစရှိသည့် ပြည်တွင်း ကစားသမားကောင်းများကို ပိုင်ဆိုင်ထားသည့် အသင်းဖြစ်သည်။

“ကျွန်တော်တို့ အသင်း အနေနဲ့ ပွဲတိုင်းကို ရှိသမျှ အစွမ်းကုန် သုံးပြီး အကောင်းဆုံး ကြိုးစားအားထုတ် ယှဉ်ပြိုင်လေ့ ရှိပါတယ်။ ခုလာမယ့် ရန်ကုန်နဲ့ ပွဲကိုလည်း အကောင်းဆုံး ကြိုးစားအားထုတ် ယှဉ်ပြိုင်သွားမှာပါ။ တစ်ပွဲချင်း သေချာလေ့လာ ပြင်ဆင်မှု ပြုလုပ်သွားမှာပါ”

ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့၏ ပွဲစဉ်ကို လာမည့် ဇန်နဝါရီ ၂၆ ရက် ညနေ ၃း၃၀ တွင် ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။