လာမည့် တနင်္ဂနွေနေ့ ညနေပိုင်း၌ ယှဉ်ပြိုင်ကစားရမည့် ရတနာပုံ အသင်းနှင့် မြန်မာဒါဘီပွဲတွင် အနိုင်ရလဒ် ရယူနိုင်ရေးအတွက် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။
“အနိုင်ရလဒ် ရယူနိုင်ဖို့ အတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ။ အဲ့အတွက်လည်း ကျွန်တော့် အသင်းကို၊ ကျွန်တော့် ကစားသမားတွေကို အပြည့်အဝ ယုံကြည်မှု ရှိပါတယ်”ဟု ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက် အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် ၂ ပွဲ ကစားထားပြီး ၂ ပွဲစလုံး အနိုင်ရထားကာ အမှတ်ပေးဇယားကို ဦးဆောင်လျှက်ရှိသည်။ ထိုသို့ ရလဒ်ကောင်းများ ရရှိထားသော်လည်း ခြေစွမ်းပိုင်း တိုးတက်ရန် လိုအပ်နေသေးကြောင်း ဦးတင်မောင်ထွန်းက ဝန်ခံခဲ့ပြီး ကစားသမားသစ်များ များပြားနေသည့် အတွက် အသင်းနှင့် အံဝင်စေရေးအတွက် အချိန်ပေးရန် လိုအပ်နေသေးကြောင်း ဆိုခဲ့သည်။
အနိုင်ရလဒ် ရယူနိုင်ဖို့ အတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ။ အဲ့အတွက်လည်း ကျွန်တော့် အသင်းကို၊ ကျွန်တော့် ကစားသမားတွေကို အပြည့်အဝ ယုံကြည်မှု ရှိပါတယ်
ထို့အပြင် ဦးတင်မောင်ထွန်းက ပြိုင်ဘက် ရတနာပုံ အသင်းကိုလည်း အသင်းကောင်း တစ်သင်းဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ကစားသမားကောင်းများ ပိုင်ဆိုင်ထားသည့် အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့သည် လာမည့် ဇန်နဝါရီ ၂၆ ရက် ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်း၌ ရင်ဆိုင်ကစားသွား ကြမည် ဖြစ်သည်။