အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့ရသည့် မြန်မာဒါဘီ

January 26, 2020

မြန်မာနေရှင်နယ်လိဂ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းတွေ ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ရတနာပုံ အသင်းတို့ရဲ့ မြန်မာဒါဘီ ပွဲစဉ်ကတော့ ပွဲချိန်တစ်လျှောက် အပြင်းအထန် အားထုတ်မှုတွေနဲ့ အတူ သရေရလဒ်နဲ့သာ အဆုံးသတ်သွား ခဲ့ရပါတယ်။ ရန်ကုန်ယူနိုက်တက် အနေနဲ့ ပွဲချိန် ပထမပိုင်း ၃၉ မိနစ်မှာ အီမန်နျူရယ်ရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၆ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ ရတနာပုံ အသင်းက ဇော်ရဲထွန်း၊ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေကို နှစ်ဂိုးဆက် ခွင့်ပြုခဲ့ရပြီး ပွဲချိန် ၇၇ မိနစ်မှာ ရရှိတဲ့ အီမန်နျူရယ်ရဲ့ ပင်နယ်တီကြောင့် ရတနာပုံဆီက အမှတ်ပြန်လည် ခွဲယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ ရတနာပုံတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ပီပီ ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ပွဲချိန်အများစုမှာ တစ်ဘက်နဲ့ တစ်ဘက် တိုက်စစ်ဆင် ကစားခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲရဲ့ ပထမပိုင်းမှာ ရန်ကုန်ယူနိုက်တက် အသင်းက အသာစီး ရယူ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အမြောက်အများ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ် မသေချာတာ၊ နားလည်မှုပိုင်း အားနည်းခဲ့တာတွေကြောင့် ပွဲချိန် ၃၉ မိနစ်မှာ အီမန်နျူရယ် သွင်းယူပေးခဲ့တဲ့ တစ်ဂိုးတည်းသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာတော့ ရတနာပုံ အသင်းက သိသိသာသာ အသာစီး ရလာခဲ့ပြီးတော့ ရန်ကုန်ယူနိုက်တက် အသင်းကို ဖိကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၅၆ မိနစ်မှာ ဇော်ရဲထွန်း၊ ပွဲချိန် ၇၄ မိနစ်မှာ မျိုးကိုထွန်းတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒီဂိုးတွေပေးရတဲ့ အနေအထားမှာ ရန်ကုန်ခံစစ်ကြောင်းက လူကပ်ပုံ သိသိသာသာကို အားနည်းခဲ့တာပါ။ ဦးဆောင်ဂိုး ရပြီးနောက်မှာတော့ ရန်ကုန်က တစ်ဖန်ပြန်လည် အသာစီး ရလာခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ အောင်ကျော်နိုင်ရဲ့ ဖြတ်ပေးမှုကို ရဲရင့်အောင် လျောထိုး တားဆီးရာကနေ ပင်နယ်တီ ပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကို အီမန်နျူရယ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး ရန်ကုန်အတွက် ချေပဂိုး ရယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာလည်း ပွဲက အကြိတ်အနယ် ဖြစ်ခဲ့ပြီး နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် ဂိုးထပ်မရတော့တာကြောင့် ပွဲအပြီးမှာတော့ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပြီး ရမှတ် တစ်မှတ်စီကို ခွဲယူခဲ့ကြရပါတယ်။